▪︎ဖားကန့်အနန့်ပါ ဂီတပွဲဗုံးကျဲခဲ့သောတိုက်လေယာဥ်မှူး သုံးဦးမှာ CNF ဌာနချုပ်ဗုံးကျဲရာတွင်လည်းပါဝင်ခဲ့
ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) ဌာနချုပ်ကို စစ်ကောင်စီတပ်က နှစ်ရက်ဆက်လေကြောင်းတိုက်ခိုက်မှုကိုပြုလုပ်ခဲ့သော တိုက်လေယာဥ်မှူး(လေသူရဲ) ရှစ်ဦး၏ အမည်စာရင်းကို People’s Spring ကစုံစမ်းသိရှိရသည်။
ဇန်နဝါရီ ၁၀ရက်ညနေပိုင်းတွင်စစ်ကောင်စီကချင်းပြည်နယ်၊ ထန်တလန်မြို့နယ် မြန်မာ-အိန္ဒိယနယ်စပ်ရှိ CNF ဌာနချုပ် Camp Vactoria ကို တိုက်လေယာဥ် ၅ စင်းဖြင့်လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ CNA ရဲဘော် ၅ဦးကျဆုံးခဲ့ပြီး ၁၀ဦးခန့် ဒဏ်ရာရရှိခဲ့သည်။ ဇန်နဝါရီ ၁၁ ရက်ညနေတွင်လည်း တိုက်လေယာဥ် ၃ စင်းဖြင့်ထပ်မံသွားရောက်ဗုံးကျဲခဲ့သော်လည်းအဆောက်အအုံအချို့ပျက်စီးပြီး လူထိခိုက်ကျဆုံးမှုမရှိခဲ့ပေ။
အဆိုပါလေကြောင်းတိုက်ခိုက်မှုများကို အမှတ် ၆၂တိုက်ခိုက်ရေးလေတပ်အုပ်စု (၆၂ အုပ်)တံတားဦးလေတပ်နှင့် အေလာလေတပ်မှ တိုက်လေယာဥ်မောင်းမှူးက ရုရှားနိုင်ငံထုတ် YAK-130 တိုက်လေယာဥ်များမောင်းနှင်၍ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်းနေပြည်တော်ရှိစစ်ကောင်စီမှအမည်မဖော်လိုသောသတင်းရင်းမြစ်များထံမှသိရသည်။
ဇန်နဝါရီ ၁၀ ရက်တိုက်ခိုက်မှုကို တံတားဦးလေတပ်မှ ၃ စီး၊အေလာမှ ၂ စီး တို့ကပြုလုပ်ခဲ့ခြင်းဖြစ်ပြီးဗိုလ်မှူးရဲဇော်နိုင်(၆၂ အုပ်မှူး) ၊ ဗိုလ်မှူးမင်းစိုးကျော် ၊ ဗိုလ်မှူးရန်နိုင်စန်းတို့ကတံတားဦးလေတပ်မှသွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။အေလာလေတပ်ဘက်မှ ဗိုလ်မှူးသက်လင်းမောင်၊ ဗိုလ်မှူးသိန်းဇော်မြင့်တို့က ထွက်ခွာတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီမှသတင်းရင်းမြစ်တစ်ဦးကပြောသည်။ ဇန်နဝါရီ ၁၀ ရက်တိုက်ခိုက်မှုကြောင့် CNA တပ်ဖွဲ့ဝင် ၅ ဦးကျဆုံးခဲ့ပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့ကာ အဆောက်အအုံအချို့ပျက်စီးခဲ့ကြောင်း CNF/CNAမှသတင်းရင်းမြစ်ကပြောသည်။
ထိုအပြင် ဗုံးကျဲတိုက်ခိုက်စဥ် အိန္ဒိယလေပိုင်နက်အတွင်းဖြတ်ကျော်ဝင်ရောက်ပျံသန်းခဲ့သလို ဗုံးတစ်လုံးမှာအိန္ဒိယနိုင်ငံဘက်ခြမ်းသို့ကျရောက်ခဲ့ကြောင်းဒေသခံအချို့ကပြောသည်။သို့သော် ယနေ့အထိ အိန္ဒိယအစိုးရကယင်းနှင့်ပတ်သပ် တစ်စုံတစ်ရာထုတ်ဖော်ပြောကြားမှုမတွေ့ရသေးပေ။
ဒုတိယလေကြောင်းတိုက်ခိုက်မှုပြုလုပ်သော ဇန်နဝါရီ ၁၁ရက် ညနေပိုင်းတွင်တိုက်လေယာဥ် ၃ စီးဖြင့်ထပ်မံသွားရောက်တိုက်ခိုက်ခဲ့ရာ တံတားဦးမှ ၁ စီး ၊အေလာမှ ၂ စီးပါဝင်သည်။တံတားဦးလေတပ်မှဗိုလ်မှူးနေဝင်းကျော် ၊ အေလာမှ ဗိုလ်မှူးသက်လင်းမောင်၊ ဗိုလ်ကြီးဇေယျာမျိုးတို့ကYAK-130 တိုက်လေယာဥ်များဖြင့်သွားရောက်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ထိုတိုက်ခိုက်မှုတွင်လူထိခိုက်ကျဆုံးမှုမရှိဘဲ ပြင်ပဆေးကုသဆောင်အပါအဝင်အဆောက်အအုံအချို့သာထိ့မှန်ပျက်စီးခဲ့ကြောင်း CNA ဌာနချုပ် နယ်မြေရှိ ချင်းတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထူးခြားချက်မှာ ပြည်သူများ၊အနုပညာရှင်များအပါအဝင် လူ ၁၀၀ ကျော်သေဆုံးဒဏ်ရာရရှိခဲ့သောကချင်ပြည်နယ်၊ဖားကန့်မြို့နယ် ၊အနန့်ပါ ဒေသ ဂီတဖျော်ဖြေပွဲကို ဗုံးကျဲတိုက်ခိုက်ခဲ့သော တိုက်လေယာဥ်မှူး သုံးဦးမှာ CNF ဌာနချုပ်တိုက်ခိုက်မှုတွင်ထပ်မံပါဝင်နေခြင်းဖြစ်သည်။ ဇန်နဝါရီ ၁၀ ရက်တိုက်ခိုက်မှုမှ ဗိုလ်မှူး ရဲဇော်နိုင်နှင့် ဗိုလ်မှူးမင်းစိုးကျော် ၊ ဇန်နဝါရီ ၁၁ တိုက်ခိုက်မှုမှ ဗိုလ်မှူးနေဝင်းကျော် တို့သုံးဦးမှာ အနန့်ပါတိုက်ခိုက်မှုကိုကျူးလွန်ခဲ့ကြသူများလည်းဖြစ်သည်။
“ဗိုလ်မှူးရဲဇော်နိုင်က ပစ်မှတ်ထိအောင်ပစ်တာမှာတော်တယ်လို့နာမည်ကြီးတယ်။ ၆၂ အုပ်မှူးဖြစ်တာမကြာသေးဘူး။ အရင် ၆၂ အုပ်မှူ ဗိုလ်မှူကြီး ဇော်မြင့်ထွန်းပြောင်းတော့ သူက အုပ်မှူးဖြစ်သွားတာ”ဟု နေပြည်တော်ရှိစစ်ကောင်စီမှ အမည်မဖော်လိုသော သတင်းရင်းမြစ်တစ်ဦးကပြောသည်။
ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက”သူတို့ကိုသေချာမှတ်ထားရမယ်။ အနန့်ပါအတွက်ရော ၊ Camp Victoria အတွက်ရောပေါင်းပြီးအကြွေးတောင်းရမယ်”ဟုပြောသည်။
▪︎စစ်ကောင်စီက လေယာဥ်ပျံမည်နေရာခန့်မှန့်ရခက်အောင် အယောင်ပြပျံသန်းသောဗျူဟာသုံးလာ
ချင်းပြည်နယ်မှ CNF ဌာနချုပ်ကိုတိုက်ခိုက်ရာတွင် စစ်ကောင်စီလေတပ်က တိုက်လေယာဥ်များကို မူလလေတပ်စခန်းမှ သွားရောက်တိုက်ခိုက်မည့်နေရာသို့တိုက်ရိုက်မသွားဘဲ ပျံသန်းမည့်နေရာခန့်မှန်းရခက်အောင်အယာင်ပြတခြားဘက်သို့ပျံသန်းပြီးမှ သွားရောက်တိုက်ခိုက်သောဗျူဟာသုံးခဲ့သည်ကိုလည်းတွေ့ရသည်။
CNFဌာနချုပ်ကို တိုက်ခိုက်သောပထမနေ့တွင် တံတားဦးလေတပ်မှ တိုက်လေယာဥ် ၅ စီးမှာ ချင်းပြည်နယ်ဘက်သို့တိုက်ရိုက်မပျံဘဲဘအရှေ့မြောက်ဘက်အရပ်သို့အယောင်ပြပျံသန်းခဲ့ခြင်းဖြစ်သည်။တံတားဦးလေတပ်မှ ဇန်နဝါရီ ၁၀ ရက်ညနေ ၃ နာရီ ၃၆ မိနစ်တွင် ၁ စီး၊ ၃ နာရီ ၅၆ မိနစ်တွင်တစ်စီး၊ ၄ နာရီ ၁ မိနစ်တွင် ၁ စီး ၊ ၄ နာရီ ၃ မိနစ်တွင် ၁ စီး ၊ ၄ နာရီ ၁၁ မိနစ်တွင် တစ်စီး အရှေ့မြောက်အရပ်သို့အယောင်ပြပျံသန်းပြီးမှ ချင်းပြည်နယ်သို့သွားရောက်ဗုံကျဲခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီလေကြောင်းပျံသန်းမှုအချက်အလက်များကိုစုဆောင်း၍ သတိပေးနေသောEnemy Air Route (EAR) ကဖော်ပြထားသည်။
စစ်ကောင်စီလေတပ်မှ လေယာဥ်များပျံသန်းမှူကိုပြည်သူများကစောင့်ကြည့်၍ အချင်းချင်းသတိပေးသဖြင့် စစ်တပ်က ပျံသန်းမည့်နေရာကို ခန့်မှန်းရခက်အောင် ဗုံးကျဲမည့်နေရာမတိုင်ခင် အယောင်ပြပျံသန်းခြင်း ၊ကြားလေတပ်စခန်းတစ်ခုကိုသွားရောက်နားပြီး ထိုမှတစ်ဆင့်ပျံသန်းခြင်း၊အပြန်တွင်လည်း လမ်းတစ်နေရာဝင်ပြီးနောက်ရက်မှ ပြန်ခြင်း စသော အယောင်ပြဗျူဟာကိုအသုံးပြုလာခြင်းဖြစ်ကြောင်းစစ်ကောင်စီမှ သတင်းရင်းမြစ်များကပြောသည်။
▪︎လေသူရဲ အမည်ဝှက် “ယက္ခ” မှ “စစ်မင်း” သို့ပြောင်း
တံတားဦးလေတပ်သည် ယခုနောက်ပိုင်း ကချင် ၊ချင်း၊ရခိုင်၊ ရှမ်းပြည်နယ် စသောဒေသများတွင်လေကြောင်းတိုက်ခိုက်မှုများကို ရုရှားထုတ် YAK-130 လေယာဥ်များဖြင့်အဓိကပြုလုပ်နေသော အမှတ် ၆၂ တိုက်ခိုက်မှုအုပ်အခြေစိုက်ရာဖြစ်ပြီး ၊ယခုအခါ အေလာကိုပါ YAK-130 လေယာဥ်များနှင့်လေသူရဲများခွဲထား၍ လေတပ်အခွဲအဖြစ်အသုံးပြုနေကြောင်း စစ်ကောင်စီသတင်းရင်းမြစ်များကပြောသည်။
ထို ၆၂ အုပ်၏ လေသူရဲ (လေယာဥ်မောင်း) များအတွက်နာမည်ဝှက်ကို “ယက္ခ “ဟုအသုံးပြုခဲ့ရာမှ Myanmar Now သတင်းဌာန၏ စုံစမ်းဖော်ထုတ်မှုကြောင့် ယခုရက်ပိုင်းတွင် နာမည်ဝှက် ကို “စစ်မင်း”ဟု ထပ်မံပြောင်းလဲထားကြောင်း စစ်ကောင်စီ သတင်းရင်းမြစ်အချို့ကပြောသည်။
