စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးပြီး မတူပီ CDF ရဲဘော်တစ်ဦးပျောက်ဆုံးနေ
ချင်းပြည်နယ် မတူပီမြို့နယ် ငလိုင်ကျေးရွာကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် စီးနင်းတိုက်ခိုက်၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မတူပီ ချင်းကာကွယ်ရေးတပ်(CDF) က ယနေ့ညပိုင်း၌ သတင်းထုတ်ပြန်သည်။
ဇန်နဝါရီ ၁၅ရက် နံနက် ၉ နာရီခန့်တွင် မတူပီ – ဟားခါးလမ်းရှိ ငလိုင်ကျေးရွာကို စစ်ကောင်စီတပ်က အင်အား ၁၀၀ခန့်ဖြင့် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့၍ မတူပီ CDFက ခုခံတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တစ်ဦး သေဆုံးပြီး မတူပီ CDF ရဲဘော်တစ်ဦးလည်း အဆက်အသွယ်ပျောက်ဆုံးလျက်ရှိသည်ဟု ထုတ်ပြန်သည်။

စစ်ကောင်စီတပ်က ငလိုင်ရွာအတွင်း ခြေကုပ်နေရာယူထားကာ ယခုညပိုင်းအထိ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်လျက်ရှိသည်ဟု ဆိုသည်။
မတူပီ – ဟားခါးလမ်းပေါ်၌ အချိန်မရွေး တိုက်ပွဲဆက်လက်ဖြစ်ပေါ်နိုင်သည့် အခြေအနေရှိကြောင်းလည်းမတူပီ CDFက အသိပေးထားသည်။
လက်ရှိတွင် စစ်ကောင်စီတပ်က မတူပီမြို့နယ်အတွင်း တယ်လီဖုန်းလိုင်းများ အားလုံး ဖြတ်တောက်ခံထား၍ မတူပီ CDFအနေဖြင့် သတင်းအချက်အလက်များ အချိန်နှင့်တပြေးညီ မထုတ်ပြန်နိုင်ခဲ့ခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ခဲ့သည်။
