ချင်းပြည်နယ်မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲကကို အသစ်ပြန်လည်ဖွဲ့စည်းလိုက်ကြောင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့(အောက်တိုဘာ ၃၁ရက်) ထုတ်ပြန်ကြေညာသည်။
စစ်အုပ်စု အာဏာသိမ်းပြီးနောက် ၎င်းတို့၏ အာဏာသိမ်းမှုကို လက်မခံဘဲ စုပေါင်းဆန္ဒပြသည့် ရွေးကောက်ခံ ကိုယ်စားလှယ်များနှင့် တက်ကြွလှုပ်ရှားသူများက ၂၀၂၁ ဖေဖော်ဝါရီ ၂၇ရက်တွင် ကြားကာလ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း၊ သို့ရာတွင် မြေပြင် လုပ်ငန်းလိုအပ်ချက်များအရ အမျိုးသားညီညွတ်ရေး အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ ယခုနှစ် အောက်တိုဘာ ၆ရက်တွင် မြို့နယ်အထွေထွေညီလာခံကျင်းပ၍ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ယခု ပြန်လည်ဖွဲ့စည်းရာ၌ ပြည်ထောင်စုလွှတ် တော်ကိုယ်စားလှယ် ၂ဦး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၁ဦး၊ အရပ်ဘက် အဖွဲ့အစည်း ကိုယ်စားလှယ် ၄ဦး၊ ဌာနဆိုင်ရာ တာဝန်ခံ ၂ဦး၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မတူပီ -CDF) တာဝန်ခံ ၂ဦး ၊ ဒေသအုပ်ချုပ်ရေးအဖွဲ့ကိုယ်စားလှယ် ၁၀ဦး တို့ဖြင့် ဖွဲ့စည်းခဲ့ကြောင်း အသိပေးထားသည်။
ပြည်သူလူထု အပေါ် စစ်ကောင်စီ၏အမျိုးမျိုး ခြိမ်းခြောက်မှုများကို တုန့်ပြန်ကာကွယ်ရန် အတွက် လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းများ အပါအဝင် ပြည်သူများ၏ အာဏာဖီဆန်ရေး CDMကို အရှိန်မြှင့် ဆောင်ရွက်နိုင်ရန် နှင့် ၎င်းတို့ကို ကာကွယ် စောင့်ရှောက် ကူညီနိုင်ရေး အတွက်လည်းကောင်း ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး အစီအစဉ် တစ်ရပ်ချမှတ် ဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ထုတ်ပြန်ကြေညာထားသည်။
