ချင်းအမျိုးသားတပ်ဦး ၊ ချင်းအမျိုးသားတပ်မတော်(CNF/CNA)ဌာနချုပ်ကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်၍ CNAတပ်ဖွဲ့ဝင်များ ကျဆုံးထိခိုက်ခဲ့မှုအပေါ် ဝမ်းနည်းကြောင်း ပြသသည့်အနေဖြင့် စျေးဆိုင်ပိတ်ခဲ့သည့် ဟားခါးမြို့မှ ဆိုင်ရှင်(၁၁)ဦးကို စစ်ကောင်စီက အဓမ္မဖမ်းဆီးပြီး ဆိုင်များအားချိတ်ပိတ်သွားကြောင်း ဟားခါးမြို့ခံများက ပြောသည်။
စစ်ကောင်စီသည် ဇန်နဝါရီ၁၂ ရက် နေလည်ပိုင်းက ဟားခါးမြို့ရှိ စျေးဆိုင်(၁၁)ဆိုင်ကို စာကပ်ချိတ်ပိတ်ပြီး ဆိုင်ရှင်များကို ဟားခါးမြို့မရဲစခန်းတွင် ဖမ်းဆီးခေါ်သွားသည်ဟု ဟားခါးမြို့ခံတစ်ဦးက ပြောသည်။
“ဆိုင်တွေကို သော့ခတ်ပြီး ဆိုင်ရှင်တွေကို ဟားခါးရဲစခန်းမှာ ဖမ်းထားတယ်။ အားလုံး ၁၁ယောက်လို့ သိရတယ်”ဟု ဟားခါးမြို့ခံတစ်ဦးက ပြောသည်။

“ယခုနေအိမ်သည် အကြမ်းဖက်ကျူးလွန်သူတစ်ဦးအား ပုန်းအောင်းခွင့်ပေးခြင်းနှင့် ယာယီနေထိုင်ခွင့်ပေးကြောင်း ဖော်ထုတ်ရရှိသည့်အတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂အရ နေအိမ်အဆောက်အဦ ပိုင်ရှင်အား အရေးယူမည့်အပြင် ပုဒ်မ ၅၆ အရနေအိမ် ၊အဆောက်အဦအား နိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းဆည်းမည်ဖြစ်သည်”ဟုဆိုကာ လေကြောင်းတိုက်ခိုက်မှုအပေါ် ဝမ်းနည်းကြောင်းပြသသည့်ဆိုင်များကို အဆိုပါစာတမ်းချိတ်၍ ချိတ်ပိတ်ခဲ့သည်။
ငြိမ်းချမ်းစွာ ဆိုင်ပိတ်ဆန္ဒထုတ်ဖော်မှုအပေါ် ထိုသို့စွပ်စွဲ၍ ပုဒ်မကြီးလေးစွာဖြင့် အရေးယူမှုအပေါ် မြို့ခံပြည်သူများက ဒေါသထွက်လျှက်ရှိသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ဇန်နဝါရီ ၁၀ရက်နှင့် ၁၁ ရက်က CNAဌာနချုပ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် CNAတပ်သား ငါးဦးကျဆုံးခဲ့ပြီး ၁၀ဦးခန့် ဒဏ်ရာရရှိခဲ့သည်။
ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကို ဆန့်ကျင်ကြောင်းနှင့် သေဆုံးထိခိုက်ဒဏ်ရာရသူများအတွက် ဝမ်းနည်းကြောင်းအထိမ်းအမှတ်အဖြစ် ဟားခါးမြို့တွင် ဇန်နဝါရီ ၁၁ရက်က ဈေးဆိုင်များပိတ်၍ သဘောထားပြသခဲ့ခြင်းဖြစ်သည်။
ထိုနေညနေပိုင်းတွင် စစ်ကောင်စီက ဈေးဆိုင်အားလုံးကို ပြန်ဖွင့်ရန်နှင့်မဖွင့်လှစ်ပါက အရေးယူမည်ဟု လိုက်လံခြိမ်းခြောက်ခဲ့သည်။
