မန္တလေးမှာ ဇန်နဝါရီလ ဒုတိယ ရက်သတ္တပတ်အတွင်း ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး မနေ့က ပြည်ကြီးတံခွန်မြို့နယ်ထဲက ရဲကင်းနဲ့ အုပ်ချုပ်ရေးမှူးရုံး ဗုံးနဲ့တိုက်ခိုက်ခံလိုက်ရပါတယ်။
ပြည်ကြီးတံခွန်မြို့နယ် သင်ပန်းကုန်းရပ်ကွက် ရဲကင်းစခန်းနဲ့ (စ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့ ညနေ ၆ နာရီခွဲဝန်းကျင်မှာ ဆက်တိုက်ဆိုသလို ဗုံးနဲ့တိုက်ခိုက်ခံရတာဖြစ်ပါတယ်။
” အသံက နှစ်ချက်ပဲ ၊ တော်တော်ကျယ်တယ်၊ အချိန်ခြားပြီး ကွဲတာ”လို့ သင်ပန်းကုန်းရဲကင်းစခန်းအနီး နေထိုင်သူတစ်ဦးကပြောပါတယ်။
ဒီတိုက်ခိုက်မှုတွေကို မန္တလေးမြို့ပြပြောက်ကျားအဖွဲ့တွေဖြစ်တဲ့ ACID Army PDF-MDY နဲ့ မြနန္ဒာစစ်ဆင်ရေး (မန္တလေး) တို့ ပူးပေါင်းတိုက်ခိုက်တာလို့ အသိပေးထားပါတယ်။
ဗုံးနဲ့တိုက်ခိုက်ခံရတဲ့ သင်ပန်းကုန်းရဲကင်းစခန်းရှေ့ လမ်းမကို စစ်ကောင်စီက ပိတ်လိုက်တယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရပါတယ်။
မန္တလေးမှာ ရွေးကောက်ပွဲအတွက် စစ်ကောင်စီက လူဦးရေစာရင်းလိုက်လံကောက်ယူမှုတွေရှိလာပြီးနောက် ပေါက်ကွဲမှုတွေရှိလာတာလည်းဖြစ်ပါတယ်။
