ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ တပ်မဟာ ၅ နယ်မြေ ထဲ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ၁ ဦးအပါအဝင်ဒေသခံပြည်သူ ၁၁ ဦး သေဆုံးခဲ့ရပါတယ်။
ဆေးရုံ ၊စာသင်ကျောင်း ၊ဘာသာရေးအဆောက်အဦးတွေနဲ့ နေအိမ်တွေလည်းထိခိုက်ပျက်စီးရတယ်လို့ KNU သတင်းရင်းမြစ်အပြင် ကရင်လူမှုအဖွဲ့အစည်းတွေထံက သိရပါတယ်။
ဇန်နဝါရီလ ၇ ရက် မနက် ၇ နာရီ ဝန်းကျင်က တပ်မဟာ ၅ နယ်မြေ မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မဲသူကျေးရွာအုပ်စု၊ လယ်ထူဖိုးဒေသထဲ စစ်ကောင်စီက ဗုံးကြဲရာ ဆေးရုံ နဲ့ အဆောက်အဦး ၇ လုံး ပျက်စီးခဲ့ပါတယ်။
အဲဒီနောက် နာရီပိုင်းအကြာ မနက် ၁၀ နာရီခွဲမှာ မဲသူကျေးရွာအုပ်စု၊ ယာဂီထာဈေးထဲကို ဗုံးလေးလုံး ထပ်မံကြဲချခဲ့ရာ ပြည်သူ ၆ ဦး သေဆုံးခဲ့ရတယ်လို့ တပ်မဟာ ၅ ထံကသိရပါတယ်။
မနေ့က ဇန်နဝါရီလ ၁၂ ရက် နေ့လယ်ပိုင်း ၂ နာရီဝန်းကျင်မှာ တပ်မဟာ ၅ နယ်မြေ လူသောမြို့နယ်၊ ပေကေကျေးရွာအုပ်စု၊ လေးဝါးကျေးရွာကို တိုက်လေယာဉ် ၄ စီး လာရောက်ဗုံးကြဲရာမှာ အသက် ၂ နှစ်အရွယ်ကလေး အပါအဝင် ရွာသား ၅ ဦးသေဆုံးခဲ့ရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ဆိုထားပါတယ်။
သေဆုံးသူ တွေအပြင် ဒဏ်ရာရသူ ၂ ဦး ရှိပြီး ခရစ်ယာန်ဘုရားရှိခိုးကျောင်းနဲ့ စာသင်ကျောင်းအဆောက်အဦး ၂ လုံး၊ နေအိမ် ၂၁ လုံး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KHRG ရဲ့စာရင်းအရသိရပါတယ်။
