တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ဟင်းချိုတောကျေးရွာအတွင်းသို့ ယနေ့နံနက်တွင် စစ်ကောင်စီနှင့် ပျူးစောထီးများမှ ဝင်ရောက်လာပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ သတင်းထုတ်ပြန်သည်။
ယနေ့ ဇန်နဝါရီလ(၁၁)ရက် နံနက်(၅)နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများမှ လောင်းလုံးမြို့နယ် ဟင်းချိုတောကျေးရွာသို့ ရောက်ရှိလာကာ နေအိမ်သုံးလုံး၊ ပရိဘောဂဆိုင်တစ်ဆိုင်နှင့် ဆိုင်ကယ်နှစ်စီးကို မီးရှို့ဖျက်ဆီးခဲ့သည်။





“အဓိကတော့ စစ်ကောင်စီက ပျူနဲ့ပေါင်းပြီး အပြစ်မဲ့ပြည်သူအိမ်ကို မီးရှို့ဖျက်ဆီးခဲ့တယ်” ဟု လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
မီးရှို့သည့်တရားခံမည်သူမည်ဝါဖြစ်သည်ကို လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူး။
လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် မီးရှို့ခံရသည့်နေအိမ် မိသားစုများနှင့်အတူ ထပ်တူဝမ်းနည်းကြေကွဲရပြီး အဆိုပါဖြစ်စဉ်နှင့်ပက်သတ်၍ အပြစ်မဲ့ပြည်သူများအား အကြမ်းဖက်မှု ဆက်တိုက်ကျူးလွန်နေသည့်အပေါ် အပြင်းအထန် ကန်ကွက်ရှုံ့ချကြောင်း ထုတ်ပြန်ထားသည်။
ထို့အပြင် လောင်းလုံးမြို့နယ်အတွင်း ပြည်သူလူထုများအနေဖြင့် မိမိတို့မြို့နယ်အတွင်း နောက်ထပ် အကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်လာနိုင်သည့်အတွက် အထူးဂရုစိုက်သွားလာကြပါရန် လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားပါသည်။
