တမူးမြို့နယ်တွင် ပျူစောထီးနှစ်ဦးအသတ်ခံရပြီးနောက် စစ်ကောင်စီလက်အောက်ခံပျူစောထီးအဖွဲ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင်ဒေသခံအချို့ကိုလိုက်လံ ဖမ်းဆီးသတ်ဖြတ်နေကြောင်းဒေသခံများကပြောသည်။
တမူးမြို့နယ်ဘ၊ခမ်းပတ်ဒေသ ၊မလူရွာတွင်သေနတ်ကိုင်ပြီး လမ်းမပေါ် ဆတ်ကြေးကောက်နေသည့် ကြံ့ခိုင်ရေးပါတီဝင်ပျူစောထီးအဖွဲ့ဝင် နှစ်ဦးကို ခဇန်နဝါရီ ၉ရက်ညနေကအမည်မသိလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ကတိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုတွင် ပျူစောထီးခေါင်းဆောင် ဝင်းအောင်နှင့်ချစ်ဝင်း သေဆုံးခဲ့သည်။ပျူစောထီးခေါင်းဆောင်နှစ်ဦးအား မည်သည့်အဖွဲ့က လာရောက်တိုက်ခိုက်ရှင်းလင်းသည်ကိုမသိရသေးပေ။
ပျူခေါင်းဆောင်နှစ်ဦး ရှင်းလင်းခံရပြီးနောက် ပျူစောထီအင်အား ၂၀ခန့်ပါသည့်အဖွဲ့ သည် ဒေသခံ NLD ပါတီဝင်များ၏အိမ်များကို အကြမ်းဖက်ဝင်ရောက်ပြီး ပါတီဝင်များကို ဖမ်းဆီးသတ်ဖြတ်နေကြောင်း တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
” NLD ပါတီအမာခံ ကိုတင့်နဲ့ ဦးထွန်းမြင့်သန်းတို့သားအဖကို ဖမ်းပြီး သတ်ပစ်တယ်။ ကိုတင့်အပါအဝင် နှစ်ယောက်သေဆုံးတယ်။ ဦးထွန်းမြင့်သန်းသတင်းဒီမနက်အထိမကြားရသေးဘူးဖြစ်နေတယ်” ဟု သေဆုံးသူ ကိုတင့်၏ မိတ်ဆွေတစ်ဦးကယနေ့နံနက်တွင် People’s Springသို့ပြောသည်။
ရင်းနှီးသူများက ကိုတင့်ဟုခေါ်သည့် မလူရွာဒေသခံ ဦးတင့်သည် အသက် ၆၀ ခန့်ရှိပြီး အေးအေးဆေးဆေးနေတတ်သူဖြစ်ကြောင်းမိတ်ဆွေများကပြောသည်။ပျူစောထီးအဖွဲ့က တမင်ရန်ရှာကာ သတ်ဖြတ်ခြင်းဟု တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
” ကိုတင့်သားတွေက နိုင်ငံခြားမှာ အလုပ်လုပ်နေတာ။ အခုက ကိုတင့်ကို တမင်ရက်ရက်စက်စက်သတ်ပစ်တာ။ပျူတွေ တော်တော်ကို ဆိုးနေတယ်။ ဒေသခံ NLD ပါတီဝင်တွေလည်း မနေရဲကြလို့ တိမ်းရှောင်နေကြရတယ်” ဟု တမူးမြို့ခံတစ်ဦးကပြောသည်။
တမူးမြို့နယ်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအားကောင်းသော်လည်း တမူးမြို့ပေါ်တွင်စစ်ကောင်စီနှင့်ပျူစောထီးများကစိုးမိုးထားဆဲဖြစ်သည်။ ပျူ အဖွဲ့ဝင်အများစုသည် ပြည်ခိုင်ဖြိုးပါတီဝင်များဖြစ်ပြီးစစ်ကောင်စီတပ်က ပျူများကို လက်နက်ပေးပြီးအကာအကွယ်ပေးထားကြောင်းဒေသခံများကပြောသည်။
၂၀၂၂ ဇူလိုင်လ ၅ ရက်ကလည်းအိန္ဒိယနိုင်ငံ မိုးရေးမြို့သား ၂ ဦးဖြစ်သည့် Mohan (၂၈ နှစ်) နှင့် M Iyarnar (၃၅ နှစ်)တို့နှစ်ဦးသည်တမူးမြို့ပေါ်ရှိ ၎င်းတို့သူငယ်ချင်း မွေးနေ့သို့ လာရောက်စဉ် တမူးမြို့လယ်ခေါင် စော်ဘွားရပ်ကွက်၊ အမက (၄) ကျောင်းအနီး ပျူစောထီးအဖွဲ့က ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်၍သတ်ဖြတ်ခဲ့သည်။
