စစ်ကိုင်းတိုင်း တမူးမြို့ နန့်ဖာလုံစျေးတွင် ဒေသခံပြည်သူနှစ်ဦးအား ပျူစောထီးအဖွဲ့က သေနတ်ဖြင့် ပစ်သတ်သွားကြောင်း ဒေသခံများက ပြောသည်။
နန့်ဖာလုံစျေးရှိ လက်ဖက်ရည်ဆိုင်ပိုင်ရှင် ကိုချစ်စမ်းမောင်နှင့်ဇနီးဖြစ်သူကို ပျူစောထီးအဖွဲ့က ယမန်နေ့(ဒီဇင်ဘာ ၃၀ရက်)ညနေ ၆နာရီခွဲတွင် လာရောက်သတ်ဖြတ်သွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“ရက်ရက်စက်စက်သတ်သွားတာဗျ။ ဆိုင်ထဲမှာ ကလေးတွေလည်း ရှိနေတာ။ ကလေးတွေရှေ့တင် ပစ်သတ်သွားတာ”ဟု ယင်းဒေသခံက ဆိုသည်။
ကိုချစ်စမ်းမောင်နှင့်ဇနီးကို ပစ်သတ်သွားသူများမှာ တမူးမြို့၊ မြို့မ (၁၂)ရပ်ကွက်မှ ပျူစောထီးခေါင်းဆောင်ပန်းချီချမ်းမြေ့ဦးဆောင်ပျူစာထီးအဖွဲ့ဟု တမူးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ပန်းချီချမ်းမြေ့ဦးဆောင်ပြီးလာသတ်တာ။ ကျွန်တော်တို့ သတင်းအတိအကျရထားတယ်”ဟု ၎င်းက ဆိုသည်။
မြို့မ(၁၂)ရပ်ကွက်မှ ပျူစောထီးဇော်ဝင်းမြင့် အသတ်ခံရပြီးနောက် ပျူစောထီးအဖွဲ့သည် စစ်အာဏာရှင်ဆန့်ကျင်နေသော ပြည်သူများအား ပစ်မှတ်ထားလာသည်ဟု တော်လှန်ရေးအင်အားစုများက ပြောသည်။
ဇော်ဝင်းမြင့်သည် ဒီဇင်ဘာလ ၂၇ရက် ညနေတွင် ဆီဆိုင်တစ်ဆိုင်၌ ဆီထည့်နေစဥ် ဆိုင်ကယ်စီးလာသူနှစ်ဦးက သေနတ်ဖြင့်ပစ်သတ်သွားခြင်း ဖြစ်သည်။
ဇော်ဝင်းမြင့်သည် ပျူစောထီးခေါင်းဆောင် ပန်းချီချမ်းမြေ့၏ တပည့်ဖြစ်သည်ဟုလည်း ဒေသခံများက ပြောသည်။ ပန်းချီချမ်းမြေ့ဦးဆောင်သော ပျူစောထီးအဖွဲ့သည် စစ်အာဏာရှင်တော်လှန်နေသော လူငယ်များကို ဖမ်းဆီးခြင်း၊ ဒီချုပ်ပါတီဝင်အချို့ကို သတ်ဖြတ်ခြင်းများပြုလုပ်ခဲ့သည်ဟု တော်လှန်ရေးအင်အားစုများက ပြောသည်။
