▪︎သေနတ်တစ်လက်နှင့်ကျည်များရရှိကြောင်းလောင်းလုံPDFပြော
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့တွင် စစ်ကောင်စီကျင်းပမည်ဆိုသောရွေးကောက်ပွဲအတွက် လူဦးရေစာရင်းလိုက်လံကောက်နေသည့်အဖွဲ့ ကိုလုံခြုံရေးယူပေးသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း လောင်းလုံးမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့ (LLPDF)မှ တာဝန်ရှိသူကပြောသည်။
စစ်ကောင်စီ၏တရားမဝင်ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကို ဇန်နဝါရီ ၉ရက်မှ ၃၁ ရက် တအိမ်တက်တအိမ်ဆင်းစနစ်ဖြင့် စစ်ကောင်စီဝန်ထမ်းများက စတင်ကောက်ယူသည့် ပထမဦးဆုံးနေ့တွင်ယခုကဲသို့တိုက်ခိုက်ခံရခြင်းဖြစ်သည်။
ဇန်နဝါရီ ၉ ရက် နံနက်၁၁နာရီခန့်က ကမြောကင်းကျေးရွာ မူလတန်းကျောင်းတွင် စစ်ကောင်စီတပ်သားများ လုံခြုံရေးယူနေစဉ် လောင်းလုံမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(လောင်းလုံး -ပကဖ)နှင့် Guerrilla Revolution Force-GRF(ထားဝယ်-ပကဖ)တို့ကက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်။ AK-47 တစ်လက်၊ ကျည် ၂၃တောင့်နှင့် မက်ကဇင်းတစ်ခုတို့ကို သိမ်းစည်းရမိသည်ဟု သိရသည်။
ပကဖအဖွဲ့များ ပစ်သတ်ခဲ့သူမှာ ဒုဗိုလ်အဆင့်ရှိသူဖြစ်ပြီး အရပ်ဝတ် ဝတ်ထားစဉ်ပစ်သတ်ခံရခြင်းဖြစ်သည်ဟု လောင်းလုံးမြို့ခံများကပြောသည်။
“ပစ်သံကြားတော့ လူတွေကလန့်သွားတာ။ အဲ့အချိန်မှ ပစ်ခံရတဲ့သူက လဲကျသွားတာ။အချိန်က ခဏလေးအတွင်းမှာဖြစ်သွားတာ အရမ်းမြန်တယ်။ သေချာဘယ်သူမှ မမြင်လိုက်ရဘူး”ဟု လောင်းလုံးမြို့ခံတစ်ဦးကပြောသည်။
ထိုပစ်ခတ်မှုအပြီး စစ်ကောင်စီတပ်သည် ထားဝယ်မြို့နှင့် လောင်းလုံးမြို့ကို ဆက်သွယ်ထားသည့် ကမြောကင်းတံတားကို ဖြတ်သန်းသွားလာခွင့်ပိတ်ထားခဲ့သည်။
“ခြေလျင်တပ်ရင်း(၁၀၄)နဲ့ ကမြောကင်းတံတားအနီး ကင်းဘုတ်တွေရဲ့အကြား နီးကပ်လို့ မင်ရှင်ကိုမြန်မြန်လုပ်ပြီး ဆုတ်လိုက်တာ”ဟု လောင်းလုံး ပ.က.ဖ မှPDFတစ်ဦးကလည်းပြောသည်။
အာဏာသိမ်းစစ်ကောင်စီက ၎င်း၏အာဏာတည်မြဲရေးအတွက် ဟန်ပြရွေးကောက်ပွဲတစ်ပြုလုပ်မည်ဖြစ်ရာ ဒေသအချို့တွင် လူဦးရေစာရင်းကောက်ယူများရှိနေပြီး လောင်းလုံးမြို့နယ် ကမြောကင်းရွာမှာ စစ်အုပ်စုက လူဦးရေစာရင်းလိုက်ကောက်သည့် ပထမဆုံးကျေးရွာဖြစ်ကြောင်း အထက်ပါရဲဘော်က ဆိုသည်။
စစ်ကောင်စီ၏ တရားမဝင်ရွေးကောက်ပွဲဖော်ဆောင်နေမှုကို လက်ပိုက်ကြည့်နေမည် မဟုတ်သောကြောင့် စစ်ကောင်စီတပ်သားများနှင့် အနီးကပ်သွားလာခြင်းနှင့်မဲစာရင်းများလိုက်လံကောက်ခံနေမှုများကို ဝေးဝေးနေကြရန်လည်း LLPDFကတိုက်တွန်းထားသည်။ထိုကြောင့်စစ်ကောင်စီဝန်ထမ်းများအနေဖြင့် လူဦးရေးစာရင်းလိုက်လံမကောက်ဘဲ ၊ပြည်သူနှင့်ပူးပေါင်းကြရန်လောင်းလုံPDFကတောင်းဆိုသည်။
“စာရင်းလိုက်ကောက်နေတဲ့သူတွေထဲမှာကလက်နက်ရှိသူ၊မရှိသူက ရောထွေးနေတယ်ဗျ။အဲဒါကြောင့်လည်း နောက်ပိုင်း ဆက်လက်ပြီး စာရင်းလိုက်ကောက်နေတုန်း ကျွန်တော်တို့ ရှင်းတဲ့အခါ ထိခိုက်မိတာတွေရှိလာရင် လုံးဝ တာဝန်မယူနိူင်ကြောင်း နဲ့စကစ အလိုကျစာရင်းလိုက်ပါမကောက်ဖို့ ထုတ်ပြန်အသိပေးထားတာခင်ဗျား”ဟုLLPDFတာဝန်ရှိသူကပြောသည်။
