စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း ကားဖြင့်တိုက်မိပြီးနောက် အပြန်အလှန်ပစ်ခတ်ခဲ့ကြရာ နှစ်ဦးသေဆုံးသွားကြောင်း အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့(PAFD) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
မိုင်းထိပြီးဆက်မောင်းလာသော စစ်ကောင်စီယာဥ်အား ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတားဆီးစဥ် တိုက်မိပြီးနောက် အချင်းချင်း အပြန်အလှန်ပစ်ခတ်ကြ၍ သေဆုံးခဲ့ခြင်းဖြစ်သည်။
ယနေ့(ဇန်နဝါရီ ၉ရက်) နံနက်၃နာရီခွဲက မုံရွာ – မန္တလေးလမ်းမကြီးပေါ်၊ မြင်းမူမြို့မှ မုံရွာမြို့ ဘက်သို့ထွက်ခွာလာသော စစ်ကားနှစ်စီးအနက် ပထမ ယာဥ်တစ်စီးအား မိုင်းဖြင့်တိုက်ခိုက်ချိန်တွင်နောက်ကားမှာ ပွိုင့်ပေါ်ရပ်နေ၍ အဆိုပါ ကားကိုပါ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း PAFD သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ကားပေါ်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များအပြင်းအထန် ထိခိုက်ဒဏ်ရာရသည့်အပြင် စစ်ကားတစ်စီး၏ ဆီတိုင်ဂီပေါက်ထွက်သွားခဲ့သည်ဟု အထက်ပါ ပြန်ကြားရေးတာဝန်ခံကဆိုသည်။
အဆိုပါ နှစ်စီးအနက် တစ်စီးက မောင်းထွက်လာချိန် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်များက ကားကိုတားရန်ကြိုးစားနေစဉ် တိုက်မိပြီး တစ်ဦးသေဆုံးသွားကြောင်း၊ ထို့နောက် ၎င်းတို့အချင်းချင်း အပြန်လှန်ပစ်ခတ်ရာ နောက်တစ်ဦးထပ်မံသေဆုံးသွားကြောင်း PAFD သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“ကျွန်တော်တို့ ဒီဘက်က မိုင်းဆွဲလိုက်တော့ ဒီပွိုင့်တွေ မကျော်နိုင်တဲ့အခါကျတော့ ဆီတိုင်ကီတွေလည်းပေါက်ထွက် စိတ်တိုနေတာနေမှာပေါ့။ ကားသမားက။ စိတ်တိုနေတဲ့အချိန် စကစတွေရှိတဲ့နား သွားတဲ့အချိန် ဟိုကားတာနဲ့ သူတိုလည်း တိုက်လိုက်တာလို့ထင်တယ်။”ဟု အထက်ပါတာဝန်ခံက ပြောသည်။
ထိုကားနှစ်စီးသည် ထိခိုက်ဒဏ်ရာရရှိသူများနှင့်သေဆုံးသူများကိုတင်ဆောင်၍ မြင်းမူမြို့သို့ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။
စစ်အုပ်စု၏ ထိခိုက်မှုအခြေအနေအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
အဆိုပါ စစ်ဆင်ရေးကိုPeople’s Army To Fight Dictatorship(PAFD) တပ်ခွဲDK PDF(MMU)၊ People’s Knight Defense Force Myinmu (PKDF.MMU)၊ TAUNGTHA People Defense Force(TTAPDF) D.B.B.F.MMU မဟာမိတ်အဖွဲ့များ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။
