စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ဗောဓိတစ်ထောင်တောင်ကြောရှိ တောင်ခမောက်တောင်တွင် စစ်ကောင်စီတပ်သားများ တပ်စွဲထား၍ ထိုအနီးတဝိုက်ရှိ လမ်းပိုင်း သုံးခုအားအသုံးပြုခွင့် ယာယီပိတ်သိမ်းထားကြောင်း ဒေသတွင်း PDF အဖွဲ့များက သတိပေးကြေညာသည်။
ယနေ့(ဒီဇင်ဘာ ၃၁ရက်) နံနက်၂နာရီ ၅၀ မိနစ်မှစ၍ မုံရွာမြို့နယ်အတွင်းရှိ မုံရွာ – ချောင်းဦးလမ်းပိုင်း၊ မြေနဲ – ဗောဓိတစ်ထောင်လမ်းပိုင်း၊ မုံရွေး – ရွှေမြင်တင်လမ်းပိုင်းတို့အား လမ်းအသုံးပြုခွင့် ယာယီပိတ်ထားကြောင်း ဒေသတွင်း PDF အဖွဲ့များက အသိပေးသည်။
နောက်ထပ်ကြေညာချက်မထုတ်ပြန်မီအထိ သွားလာခြင်းယာယီရပ်ဆိုင်းထားရန်နှင့် တားမြစ်ထားသည့်ကြားက သွားလာ၍ တစ်စုံတစ်ရာရှိခဲ့ပါက လမ်းအသုံးပြုသူ၏တာဝန်သာဖြစ်ကြောင်း ထပ်မံသတိပေးသည်။
ဗောဓိတစ်ထောင်တောင်ကြောရှိ တောင်ခမောက်တောင်တွင် စစ်ကောင်စီတပ်သားများအား ယမန်နေ့(ဒီဇင်ဘာ ၃၀ရက်) ညနေပိုင်းတွင် Mi-35၊ Mi-17 ရဟတ်ယာဥ်တို့ဖြင့် အမြင့်မြို့ဟောင်းမှတစ်ဆင့် သယ်ယူချထားခဲ့သဖြင့် လမ်းအသုံးပြုခွင့်ပိတ်ပင်ရခြင်းဖြစ်ကြောင်း ဒေသတွင်း PDFများက ရှင်းပြသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက အမြင့်ရဲစခန်းရှိ စစ်ကောင်စီတပ်သားများနှင့် ဒေသတွင်း PDFများ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်အုပ်စုဘက်က အထိအခိုက်များရှိခဲ့သည်။
