စစ်ကောင်စီကို မထောက်ခံသော တမူးမြို့ခံကိုးဦးအား မတရားဖမ်းဆီးပြီး ထောင်ဒဏ်များချမှတ်လိုက်ခြင်းမှာ သူရဲဘောကြောင်သည့်လုပ်ရပ် ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များနှင့် ဒေသခံများက ဝေဖန်လိုက်သည်။
တမူးမြို့မှ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးနှစ် ဦး၊အမျိုးသား ခုနစ်ဦးက်ို စစ်ကောင်စီက ဒီဇင်ဘာလဆန်းတွင် ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးပြီး ၁၉ရက်အကြာတွင် ထောင်ဒဏ် (၂)နှစ်စီချမှတ်လိုက်သည်ဟု တမူးမြို့တော်လှန်ရေးအင်အားစုများကပြောသည်။
“ဒီခရစ်စမတ်ကာလမှာ အမိန့်ချတာ။ ဖမ်းတာနဲ့ ထောင်ဒဏ်ချတာ ၁၉ရက်ပဲ ကြာတယ်။ စစ်ကောင်စီက တော်တော်အကြောက်တရားကြီးနေတာ”ဟု တမူးမြို့ခံတစ်ဦးက ပြောသည်။
အထက်ပါ မြို့ခံကိုးဦးသည် ပုဒ်မ ၅၀၅(ခ)ဖြင့်အမှုဖွင့်ခံရပြီး ထောင်ဒဏ် (၂)နှစ်စီချမှတ်လိုက်ခြင်းဖြစ်သည်။
“ပြည်သူ့ထောက်ခံမှုလည်း မရ။ ပျူစောထီးတွေကို လူသတ်၊ဓားပြတိုက်ခိုင်းပြီး မြို့ကို အုပ်ချုပ်ဖို့ကြိုးစားနေတာ။PDF တွေနဲ့လည်း ထိပ်တိုက်ရင် ဆိုင်မတိုက်ရဲဘဲ ပြည်သူကိုပဲမဲနေတာ။ တော်တော်ကို သူရဲဘောကြောင်တဲ့ စစ်တပ်”ဟု တမူးမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ အရာရှိတစ်ဦးက ပြောသည်။
တမူးမြို့တွင် လတ်တလော၌ တိုက်ပွဲများ ငြိမ်သက် နေသည်။ ဒီဇင်ဘာ၂၇ရက်က တမူးမြို့မှ ပျူစောထီးခေါင်းဆောင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသည်။
