စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ မြင်းဆည်ရွာနှင့် သုံးလင့်ကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့၍ နှစ်ရွာပေါင်း နေအိမ် ၁၀၀ခန့် မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့(ဒီဇင်ဘာ ၂၈ ရက်)က စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ရွာနှင့် သုံးလင့်ကျေးရွာအားစစ်ကောင်စီ၏ တပ်မ(၃၃)က ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့၍ နှစ်ရွာပေါင်း နေအိမ် ၁၀၀ခန့်မီးလောင်ပျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။




“နေ့လယ်ကတည်းက ဝင်ရှို့တာ။ ညအထိမီးမငြိမ်းဘူး။ မြစ်တစ်ဖက်ကမ်းကတောင် မြင်ရတယ်”ဟု နယ်ခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သည် လက်နက်ကြီးများ၊ ဒရုန်းများဖြင့်ပါ အကြောင်းမဲ့ပစ်ခတ်ခဲ့ပြီး သရက်ခြံအတွင်း ရပ်ထားသော စစ်ရှောင်ပြည်သူများ၏ ပစ္စည်းများတင်ထားသည့် ထော်လာဂျီ လေးစီးကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

စစ်ကိုင်းမြို့နယ်တွင် ဒီဇင်ဘာ ၂၁ ရက်ကလည်း စစ်ကောင်စီစစ်ကြောင်းက ဆားတောင်တိုက်နယ်ရှိ ကျေးရွာ ငါးရွာကို မီးရှို့ဖျက်ဆီးခဲ့၍ နေအိမ်ပေါင်း ၈၀၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့သည်။
