စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေး လမ်းမကြီးပေါ်တွင် ကင်းပုန်းဝပ်ရန်ထွက်လာသော စစ်ကောင်စီတပ်သားများအား ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း Black Eagle Defence Force -MMU သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယနေ့(ဒီဇင်ဘာ၂၉ ရက်) ညနေ ၃နာရီအချိန်မှ ၃နာရီခွဲခန့်အထိ မုံရွာ – မန္တလေး လမ်းမကြီးပေါ်ရှိရေပိုးစားရွာနှင့် နတ်ရေကန်ကျေးရွာကြား ကင်းပုန်းဝပ်ထွက်လာသော စစ်ကောင်စီတပ်သားများအား ဒရုန်းဖြင့် သုံးကြိမ် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း Black Eagle Defence Force -MMU သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ထိုသို့ ဒရုန်းချတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိနိုင်သည်ဟု အထက်ပါ တာဝန်ခံက ဆိုသည်။
“သူတို့လာတာက ၁၀ယောက်ကျော်လောက်ရှိမယ်။ သေဆုံးဒဏ်ရာရ အရေအတွက်ကို ဆက်စုံစမ်းနေပါတယ်။”ဟု Black Eagle Defence Force -MMU သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
အဆိုပါ ဒရုန်းစစ်ဆင်ရေးကို Black Eagle Defence Force – MMU (မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့)နှင့်အတူ မြင်းမူမြို့နယ် (ပကဖ)၊ လျှပ်တပြတ်စွန်ညို ပြောက်ကျားစစ်သည်တော်များအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။
ဒီဇင်ဘာ၂၆ ရက် ည ၉ နာရီ ၄၅မိနစ်ခန့်ကလည်း မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် လူမှုကူညီရေးအသင်းကားဖြင့် စစ်ကိုင်းဘက်မှ မုံရွာမြို့ဘက်သို့ထွက်ခွာလာသော စစ်ကောင်စီတပ်များကို ဝမ်းပြည့်ကျေးရွာနှင့် အလ္လကပ္ပကျေးရွာကြား၌ ညီနောင်မဟာမိတ်အဖွဲ့များက ရှေ့ထွက်ပြောင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း PKDF-MMU အဖွဲ့က ထုတ်ပြန်ထားသည်။
