အမေရိကန်နဲ့ ယူကရိန်း သမ္မတတွေဟာ ဝါရှင်တန်ဒီစီ မြို့တော်မှာ တွေ့ဆုံဖို့ စီစဉ်ထားကြောင်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။
ယူကရိန်း အစိုးရက သမ္မတ ဗိုလိုဒီမာ ဇီလန်စကီး အနေနဲ့ အမေရိကန်ကို သွားရောက်မယ်ဆိုတဲ့ သတင်းတွေကို အတိအလင်း အတည်မပြုသေးပေမယ့် အစောဆုံး ဒီဇင်ဘာ ၂၁ ရက်မှာ ခရီးစဉ် အထမြောက်ဖွယ် ရှိနေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
ဒါဟာ ရုရှားရဲ့ ကျူးကျော်စစ် အစပြုခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်နောက်ပိုင်း ဇီလန်စကီးရဲ့ ပထမဆုံး ပြည်ပ ခရီးစဉ် ဖြစ်လာမှာပါ။ သူဟာ အိမ်ဖြူတော်မှာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တွေ့ဆုံပြီး အမေရိကန် လွှတ်တော်မှာလည်း မိန့်ခွန်းပြောဖွယ် ရှိနေပါတယ်။
သတင်းတချို့ကလည်း ဇီလန်စကီးဟာ ဒီဇင်ဘာ ၂၁ ရက် မနက်ပိုင်းမှာ ဝါရှင်တန်ကိုတောင် စတင် ထွက်ခွာသွားပြီလို့ ရေးသား ဖော်ပြကြပေမယ့် ယူကရိန်း အစိုးရကတော့ နှုတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။ ဇီလန်စကီးရဲ့ ဝါရှင်တန် ခရီးစဉ် အတောအတွင်း ဘိုင်ဒန်ဟာ ယူကရိန်းအတွက် Patriot ဒုံးခွင်းဒုံး စနစ် အပါအဝင် ဒေါ်လာ ၁.၈ ဘီလီယံလောက် တန်ကြေးရှိတဲ့ နောက်ထပ် ကာကွယ်ရေး အထောက်အပံ့တွေ ပေးအပ်မယ့် ကိစ္စကို ကြေညာမယ်လို့လည်း ယုံကြည်ရပါတယ်။
ဒါဆိုရင် စစ်ပွဲစတင်ချိန် ကတည်းက ယူကရိန်းအတွက် အမေရိကန် ပံ့ပိုးပေးနေခဲ့တဲ့ ထောက်ပံ့ရေး ပမာဏဟာ ဒေါ်လာ ၂၀ ဘီလီယံ နီးပါးထိ ရှိလာတော့မယ့် သဘောပါပဲ။ အိမ်ဖြူတော်က ဇီလန်စကီးရဲ့ ခရီးစဉ်အပေါ် ဘာမှတ်ချက်မှ မပေးသေးသလို လွှတ်တော်မှာ ဇီလန်စကီး မိန့်ခွန်းပြောမယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့လည်း သူတို့ အတိအကျ ဘာမှ မသိသေးဘူးလို့ အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပလော့စီက ပြောပါတယ်။
ဇီလန်စကီးဟာ စစ်ပွဲကာလ ၁၀ လောက်အတွင်း ယူကရိန်း နိုင်ငံကနေ တစ်ဖဝါးမှ မခွာဘဲ ရုရှားရဲ့ ကျူးကျော်မှုတွေကို ကြံ့ကြံ့ခံ ဟန့်တားဖို့ နိုင်ငံကို အကောင်းဆုံး ဦးဆောင်နေခဲ့ပါတယ်။ အဲဒီ အတောအတွင်း နိုင်ငံတကာ ခေါင်းဆောင်တချို့ဟာ ယူကရိန်းကို ထောက်ခံကြောင်း ပြသတဲ့ အနေနဲ့ ကိယက်ဗ်ကို သွားရောက်ပြီး ဇီလန်စကီးကို တွေ့ဆုံခဲ့ကြပါတယ်။
