စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင်၌ ဘန်ကာဆောက်နေသည့် စစ်ကောင်စီတပ်အား လက်နက်ကြီး၊ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force)က သတင်းထုတ်ပြန်သည်။
ယမန်နေ့(ဒီဇင်ဘာ ၂၄ ရက်)က မုံရွာ-မန္တလေးလမ်းမပေါ် စွမ်းရည်ထက်ဆီဆိုင်အနီးတွင် ဘန်ကာဆောက် လုပ် အခြေချစခန်းပြုလုပ်ရန် ရောက်ရှိလာသော စစ်ကောင်စီတပ်အား လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိကြောင်း Chindwin Attack Forceက အသိပေးသည်။
စစ်ဆင်ရေးတွင် မုံရွာခရိုင် တပ်ရင်း(၂)၊ တပ်ခွဲ(၂)မှ Monywa Special ဒိတ်ဒိတ်ကြဲအဖွဲ့၏ ရဲဘော်တစ်ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

အဆိုပါ စစ်ဆင်ရေးကို မုံရွာခရိုင်ပြည်သူကာကွယ် ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း (၄)အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys )၊ တပ်ရင်း (၂)တပ်ခွဲ – ၂ Monywa Special ဒိတ်ဒိတ်ကြဲ PDF၊တပ်ရင်း – ၄ တပ်ခွဲ – ၄ 5 / Teachers People Defense Force PDF၊ Area 71 Defense Force (Monywa) ၊ Special Forces 11 – PDF Brave Heart Army၊ ဗန္ဓုလ အဖွဲ့၊ မုံရွာခရိုင်တပ်ရင်း (၇)တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။
ထုတ်ပြန်ချက်နှင့်ပတ်သက်၍ Chindwin Attack Forceထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည် ဖြေကြားခြင်း မရှိသေးပေ။
မုံရွာ – မန္တလေးလမ်းမကြီးပေါ် မုံရွာနှင့်ချောင်းဦးကြားလမ်းပိုင်းတွင် စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်များအား ဒေသတွင်းPDFများက ခပ်စိတ်စိတ်တိုက်ခိုက်နေသည်။
