စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးဘေးကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လက်လုပ် (၄၀)မမများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း People Revolution Force Kyaukse အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယမန်နေ့ (ဒီဇင်ဘာ ၂၄ ရက်) မွန်းလွဲ ၁နာရီခန့်က စစ်ကိုင်းမြို့နယ်၊ ထီးဆောင်းကျေးရွာနှင့်ညောင်ပင်ဝန်းကျေးရွာကြား နဘဲကြူးဇရပ်အနီးရှိ လမ်းဘေးခြံတစ်ခုအတွင်း ဝပ်ကင်းယူထားသော စစ်ကောင်စီတပ်၏ အင်အား၂၀ခန့်အား လက်လုပ် (၄၀) မမများဖြင့် ဒေသတွင်းမဟာမိတ်အဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း People Revolution Force Kyaukse အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“ထီးဆောင်းမှာတပ်စွဲထားတာရှိပါတယ်။ ၂၃ ရက်နေ့က ထီးဆောင်းကိုဒေသခံ PDF တွေကလာရောက်တိုက်ခိုက်ပါတယ်။ အဲဒါကြောင့် သူတို့ကင်းပုန်းလာဝပ်တာပါ။ ကျွန်တော်တို့ကဒီဘက်ကနေဖြတ်တောက်ပေးတာပါ။”ဟု ၎င်းတာဝန်ခံက ပြောသည်။
ထိုသို့ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်အုပ်စု ပြင်းထန်ဒဏ်ရာများရရှိနိုင်သည်ဟု ၎င်းက ဆိုသည်။
အဆိုပါ စစ်ဆင်ရေးကို People Revolution Force Kyaukse၊ အမရစစ်သည်တော်ကာကွယ်ရေးအဖွဲ့၊ Farmer Revolution Force(SGG)၊ Kyaukse District Defense Force၊ PDF တောင်သာ၊ Dragon Brother Defense Force မဟာမိတ်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။
မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် စစ်အုပ်စုက ရမ်းသမ်းပစ်ခတ်မှုများလည်းရှိနေပြီး ယမန်နေ့ကပင် စစ်ကားကိုကျော်တက်မိသည့် ခရီးတင်ယာဥ်ပစ်အား စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့၍ အမျိုးသမီးတစ်ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများလည်း ရှိခဲ့သည်။
