အင်ဂျင်ပိုင်းမှာ ချွတ်ယွင်းမှု ပြဿနာတွေ ကြုံနေရတဲ့တိုင် တရုတ်ဟာ JF-17 တိုက်လေယာဉ်တွေ အများအပြားကို ပြည်ပ တင်ပို့ ရောင်းချနိုင်ဖို့ မျှော်လင့်ထားဆဲလို့ သိရပါတယ်။
JF-17တွေကို ပါကစ္စတန်နဲ့ တရုတ်တို့ ပူးပေါင်း ထုတ်လုပ်ပြီး နိုင်ငံငယ်တွေက စစ်တပ်တွေက မှာယူသုံးစွဲဖို့ စိတ်ဝင်တစား ရှိကြပါတယ်။ ပါကစ္စတန်ဟာ JF-17 တိုက်လေယာဉ် ၂၂ စီး ဝယ်ယူထားပြီး ဖြစ်သလို နောက်ထပ် အစီး ၅၀ ထပ်ဝယ်ဖို့လည်း စဉ်းစားနေပါတယ်။ အဲဒီ တိုက်လေယာဉ်တွေကို ပါကစ္စတန်အပြင် မြန်မာနဲ့ နိုက်ဂျီးရီးယား စစ်တပ်တွေကလည်း ဝယ်ယူ အသုံးပြုနေပြီး ကမ္ဘာတဝန်းမှာ လက်တွေ့ စစ်ဆင်ရေးအဆင့် ပျံသန်းနေတာ စုစုပေါင်း ၁၄၅ စီးလောက် ရှိနေပါတယ်။
ဒါ့အပြင် အဇာဘိုင်ဂျန်၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှားနဲ့ မြောက်ကိုရီးယားတို့ကလည်း အဲဒီ တိုက်လေယာဉ်တွေကို ဝယ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။ JF-17 တွေဟာ မျိုးကွဲတွေအပေါ် မူတည်ပြီး တစ်စီးကို ဒေါ်လာ ၁၅ သန်းနဲ့ ၂၅ သန်းကြား ကျသင့်ပါတယ်။
အဲဒီ ဘက်စုံသုံး အပေါ့စား တိုက်လေယာဉ်တွေမှာ တစ်ယောက်စီးနဲ့ နှစ်ယောက်စီး မျိုးကွဲတွေ ရှိနေပြီး ရုရှားလုပ် RD-93 အင်ဂျင်တွေကို တပ်ဆင် အသုံးပြုထားပါတယ်။ အဲဒီ အင်ဂျင်တွေနဲ့ ပတ်သက်လို့ ချွတ်ယွင်းမှုတွေ၊ ပြဿနာတွေ ကြုံရကြောင်း အစီရင်ခံမှုတွေ ရှိနေတဲ့တိုင်အောင် တရုတ်ရဲ့ Chendu လေကြောင်း ကော်ပိုရေးရှင်းက JF-17တွေကို ဆက်ပြီး စျေးကွက်ဝင် ထုတ်လုပ်နေနိုင်မယ်လို့ ယုံကြည်နေပါတယ်။
စတုတ္ထမျိုးဆက် တိုက်လေယာဉ်တွေရဲ့ အင်ဂျင် ပြဿနာ ကိစ္စနဲ့ ပတ်သက်ပြီး ပါကစ္စတန်က ရုရှားဆီက နည်းပညာပိုင်း အကူအညီကို တိုက်ရိုက် ရယူချင်ပေမယ့် တရုတ်နဲ့ သဘောတူ စာချုပ်အရ အဲဒီကိစ္စက အဆင်မပြေ ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။ စာချုပ်အရ ပါကစ္စတန်ဟာ လေယာဉ် အပိုပစ္စည်းတွေကို တရုတ်ကနေပဲတဆင့် ရုရှားဆီက မှာယူခွင့် ရှိနေပါတယ်။ တစ်ချိန်တည်းမှာပဲ ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး ရုရှားအပေါ် နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုတွေ သတ်မှတ်ထားခြင်းကြောင့်လည်း ရုရှားအနေနဲ့ ပါကစ္စတန်ကို အင်ဂျင်တွေ ပြုပြင်ရေးအတွက် တိုက်ရိုက်ကူညီဖို့ အခက်အခဲတွေ အများကြီး ကြုံရမှာ ဖြစ်ပါတယ်။
တရုတ်ဟာ ရုရှားရဲ့ SU-39 MKI၊ ပြင်သစ်ရဲ့ Mirage 2000 တို့နဲ့ စွမ်းဆောင်ရည်ချင်း မတိမ်းမယိမ်း ဖြစ်စေမယ့် တန်ဖိုးသင့်၊ စွမ်းဆောင်ရည်မြင့် တိုက်လေယာဉ်တွေအဖြစ် JF-17တွေကို ဖန်တီးထားကြောင်း ကြွေးကြော်နေပေမယ့် လက်ရှိ အခြေအနေမှာတော့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်တဲ့ နှောင့်နှေးမှုတွေ၊ အဆင်မပြေမှုတွေ ကြုံနေရတယ်လို့ နိုင်ငံတကာ လက်နက်ရေးရာ သုတေသီတွေက သုံးသပ်ထားကြပါတယ်။
