တောင်ကိုရီးယား နိုင်ငံကာ ကားအပိုပစ္စည်း စက်ရုံတစ်ခု မီးလောင်မှုကြောင့် အနည်းဆုံး ၁၀ ဦး သေဆုံးခဲ့ပြီး ၄ ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။
မတ်လ ၂၀ ရက်နေ့က ဒေဂျောင်းမြို့လယ်မှာရှိတဲ့ စက်ရုံမှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားရာက မီးစလောင်ခဲ့တာလို့ သတင်းတွေက ဖော်ပြပါတယ်။ မတ်လ ၂၁ ရက်နေ့မှာတော့ ကယ်ဆယ်ရေးတွေဟာ မီးလောင်ပြင်ထဲကနေ ရုပ်အလောင်း ၁၀ ခုထိ ရှာတွေ့ထားပြီး ဖြစ်ပါတယ်။ မီးလောင်မှုမှာ နောက်ထပ် ၅၉ ဦး ဒဏ်ရာရခဲ့ပြီး ၂၅ ဦးက အခြေအနေ ပြင်းထန်တယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက ပြောပါတယ်။ အဲဒီထဲမှာ အသက်အန္တရာယ် စိုးရိမ်ရတဲ့အဆင့်မျိုး ဘယ်နှဦး ပါသလဲ ဆိုတာကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။
အပြင်းအထန် လောင်ကျွမ်းခဲ့တဲ့ မီးကို ထိန်းချုပ်ဖို့ မီးသတ်တပ်ဖွဲ့ဝင်၊ ရဲတွေနဲ့ အရေးပေါ် တုံ့ပြန်ရေးဌာန ဝန်ထမ်းတွေ စုစုပေါင်း ၅၀၀ ကျော်လောက် ပူးပေါင်းပြီး ကြိုးစားခဲ့ကြပါတယ်။ နေ့လယ်ပိုင်းမှာ စလောင်ခဲ့တဲ့ မီးကို ငြှိမ်းသတ်ပြီးတဲ့နောက် တစ်ညလုံး ကယ်ဆယ်ရေးတွေ ဆောင်ရွက်ပြီး ပိတ်မိနေသူတွေကို ရှာဖွေခဲ့ကြပါတယ်။
လူမှုကွန်ရက် မီဒီယာတွေပေါ် ထွက်ပေါ်လာတဲ့ ဗီဒီယိုတွေနဲ့ ဓာတ်ပုံတွေထဲမှာတော့ စက်ရုံဝင်းထဲကနေ မီးခိုးလုံးတွေ အူထွက်နေတာ၊ အဆောက်အအုံ တစ်ခုကနေ အလုပ်သမားတွေ ခုန်ချနေတာတွေကို တွေ့ခဲ့ရပါတယ်။

Public Service Announcement
ဒေးဒိုးခရိုင် မီးသတ်ဌာန အကြီးအကဲ နမ်ဒေါင်ဝူးက မီးလောင်ပြီး ပျက်စီးသွားတဲ့ စက်ရုံ အဆောက်အအုံ တစ်ခုဟာ ပြိုကျနိုင်တဲ့ အန္တရာယ် ရှိနေတာကြောင့် မီးသတ်တပ်ဖွဲ့ဝင်တွေ ချက်ချင်း ဝင်ရောက်ဖို့ ခက်ခဲနေတယ်လို့ ပြောပါတယ်။
မီးလောင်မှု စတင်ချိန်တုန်းက စက်ရုံထဲမှာ အလုပ်သမား ၁၇၀ ဝန်းကျင်လောက် ရှိနေခဲ့တယ်လို့ တောင်ကိုရီးယားရဲ့ ယွန်ဟပ် သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ မီးလောင်မှု စတင်စေခဲ့တဲ့ ပေါက်ကွဲမှုရဲ့ အကြောင်းရင်းကိုတော့ လောလောဆယ် မသိရသေးပါဘူး။
တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က မီးကို ထိန်းချုပ်ငြှိမ်းသတ်ဖို့နဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် အရင်းအမြစ် အားလုံးကို ထုတ်သုံးဖို့ အာဏာပိုင်တွေကို ညွှန်ကြားခဲ့ပါတယ်။
မီးလောင်မှု ဖြစ်ပွားတဲ့ စက်ရုံကို အန်ဂျွန်း စက်မှုလုပ်ငန်းက ပိုင်ဆိုင်ပြီး တောင်ကိုရီးယား ကားကုမ္ပဏီတွေဖြစ်တဲ့ Hyundaiနဲ့ Kiaအတွက် အင်ဂျင်အဆို့တွေနဲ့ တခြား အစိတ်အပိုင်းတွေ ထုတ်လုပ်ပေးနေတယ်လို့လည်း သိရပါတယ်။
ကိုးကား: AFP




















































