ဒီဇင်ဘာ-၃၊၂၀၂၅။People’s Spring
မြန်မာနယ်စပ် တိုက်ပွဲတွေဟာထိုင်းဖက်ခြမ်းကိုပါ ထိခိုက်သက်ရောက်မှုတွေ ရှိလာတာကြောင့်နယ်စပ်က ကျောင်းတစ်ကျောင်းကို ပိတ်ခဲ့ရကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲမှာ အာဏာသိမ်း စစ်တပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် (KNLA)ကြားတိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်
ပွားနေရာက ထိုင်းပိုင်နယ် နယ်စပ်ဧရိယာနားမှာ လက်နက်ကြီးကျည်တွေ လမ်းလွဲပြီး ကျရောက်တာ၊ ကျည်ဆန်တွေ ထိမှန်တာတွေ ရှိခဲ့ပါတယ်။

Public Service Announcement
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က တက်ခ်ပြည်နယ်၊ မဲဆောက်ခရိုင်မှာ လက်နက်ကြီး ကျည်ဆန် ၅ ခု ကျရောက် ပေါက်ကွဲခဲ့တဲ့ ဖြစ်စဉ် အပြီးမှာတော့ လုံခြုံရေးအရ စိတ်မချရတဲ့ ကျောင်းတစ်ကျောင်းကို ယာယီ ပိတ်ထားဖို့ ညွှန်ကြားခဲ့ရကြောင်း ထိုင်းရဲ့ နယ်ခြားစောင့် နာရူဆွန်တပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ် မိုင်ထရီ ချူပရီချာက ဆိုပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကစလို့ အာဏာသိမ်း စစ်တပ်ဟာ အင်အားအလုံးအရင်း အသုံးပြုပြီး မြဝတီမြို့နယ်ထဲက မင်းလက်ပံ ကျေးရွာဆီ ချီတက်ဖို့ ကြိုးစားနေတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ အဲဒီရွာဟာ ထိုင်းရဲ့ မဲ့ကိုကင်း ကျေးရွာနဲ့ သောင်ရင်းမြစ်ခြားပြီး တည်ရှိနေပါတယ်။
မြန်မာဖက်က တိုက်ပွဲတွေကြောင့် မဲ့ကိုကင်း ရွာထဲကို လက်နက်ကြီး အစအနတွေ၊ ကျည်ဆန်တွေ ကျရောက်ခဲ့ပြီး အိမ် ၆ လုံးမှာ အပျက်အစီးတွေ ဖြစ်ခဲ့ပေမယ့် ထိခိုက်သေကြေမှုတော့ မရှိခဲ့ပါဘူး။
ထိုင်းအာဏာပိုင်တွေဟာ လုံခြုံရေး စိတ်မချရတာကြောင့် နယ်စပ်နဲ့ မီတာ ရာဂဏန်းလောက် အကွာမှာရှိတဲ့ မဲ့ကိုကင်း ရွာကျောင်းကို ဒီဇင်ဘာ ၁ ရက်နေ့ကစပြီး အချိန်အကန့်အသတ်မရှိ ပိတ်ထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
မြန်မာဖက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ပဋိပက္ခဟာ ထိုင်းပိုင်နက်ဖက်ကို ကူးစက်မလာစေဖို့အတွက်ထိုင်းစစ်တပ်ကနယ်စပ်တလျှောက် လုံ
ခြုံရေး တင်းကျပ်ထားတယ်လို့လည်း သိရပါတယ်။
ကိုးကား- Khaosod


















































