●RPGလက်ဖြောင့်ရဲဘော်အောင်ကိုဇင်သည်တော်လှန်ရေးစချိန်မှကျဆုံးချိန်အထိ့စစ်သားနှင့်ပျူစောထီး ၁၄၀ဦးကျော်အား သုတ်သင်ခဲ့ဟု ZERO ပြောက်ကျားတပ်ဖွဲ့ပြော
စစ်ကိုင်းမြို့နယ် ကြွယ်ပုံကျေးရွာရှိ စစ်ကောင်စီစခန်းကိုယနေ့နံနက်တွင်PDFများကဝင်ရောက်တိုက်ရာစစ်ကောင်စီတပ်သားနှင့်ပျူစောထီး၉ဦးသေဆုံးပြီး ZEROပြောက်ကျားတပ်ဖွဲ့မှ RPG လက်ဖြောင့် ရဲဘော်တစ်ဦးကျဆုံးခဲ့ရကြောင်း အဖွဲ့က ထုတ်ပြန်သည်။
ယနေ့ (ဇူလိုင်လ ၂၂ရက်)နံနက် ၄နာရီခန့်က စစ်ကိုင်းမြို့နယ် ကြွယ်ပုံကျေးရွာရှိ အကြမ်းဖက်စစ်တပ်နှင့်ပျူစခန်းအား စစ်ကိုင်းခရိုင်တပ်ရင်း (၂ )နှင့် ပူးပေါင်း၍ စီးနင်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲမှာ ၂ နာရီ ခွဲကြာမြင့်ပြီး အကြမ်းဖက်စစ်သားနှင့်ပျူ ၉ ဦး သုတ်သင်နိုင်ခဲ့ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ZEROပြောက်ကျားတပ်ဖွဲ့၏ RPGလက်ဖြောင့်တပ်သား (တပ်ခွဲ၃ ဒုခွဲမူး တပ်ရင်း၇မြင်းခြံခရိုင် ) အသက် ၂၄ နှစ်အရွယ် ကိုအောင်ကိုဇင် (ခ) အာကြီးမှာတိုက်ပွဲတွင်း ကျဆုံးခဲ့ရကြောင်းလည်းအသိပေးသည်။
ယနေ့(ဇူလိုင် ၂၂ ရက်) နံနက် ၄ နာရီခန့်က ZERO ပြောက်ကျားတပ်ဖွဲ့ မြင်းခြံနှင့် စစ်ကိုင်း ခရိုင်တပ်ရင်း(၂)တို့ပူးပေါင်း၍ စီးနင်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲမှာ ၂ နာရီခွဲကြာမြင့်ခဲ့သည်ဟုသိရသည်။
“စခ က အင်အား ၂၀ ကျော် နဲ့ ပျူစောထီးက အင်အား ၃၀ လောက်ရှိတယ်။နဂိုကတည်းက ပျူရွာ လို့ပဲပြောရမယ်။သူတို့ဘက်က မျက်မြင် ချည်းပဲ ၉ ယောက်လောက်သေတယ်။ကျွန်တော် ရဲဘော်တစ်ဦးကတော့ ကယ်ခဲ့ပေမယ့် ဘယ်လိုမှ မရနိုင်တော့လို့ လက်လွှတ်ခဲ့ရတယ်”ဟု ZERO ပြောက် ကျားတပ်ဖွဲ့ဦးဆောင်သူ ကိုသက်ကြီး က People’s Spring သို့ ပြောသည်။
တိုက်ပွဲတွင်အပြန်အလှန်ပစ်ခတ်နေကြချိန်တွင် ကျောင်းပေါ်မှ ပစ်ခတ်လိုက်သောကျည်ထိ့မှန်ခဲ့ခြင်းဖြစ်ပြီး ကျည်ထိ့မှန်ပြီးတစ်နာရီခွဲခန့်ကြာပါကျဆုံးခဲ့ခြင်းဖြစ်ကြောင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ PDF ရဲဘော်တစ်ဦးကျဆုံးပြီး နေထွက်လာသလို စစ်ကောင်စီတပ်မှ စစ်ကူများလာနေသည့်အတွက်ဆုတ်ခွာခဲ့ကြောင်း အထက်ပါတာဝန်ရှိသူကပြောသည်။
“ဒီကလေးကျဆုံးရတာနဲ့ပတ်သက်ပြီး များစွာဝမ်းနည်းရတာပေါ့။ ကျွန်တော်တို့အဖွဲ့အတွက်လည်း အများကြီး အားကိုးရတဲ့ကလေးပါ။ နိုင်ငံ့အတွက်လည်း အားကိုးရတဲ့သူရဲကောင်းလေးတစ်ယောက် ကျဆုံးခဲ့ရတဲ့အတွက် ကျွန်တော်တို့လည်း များစွာဝမ်းနည်းရတယ်။”ဟု ပြောသည်။
တော်လှန်ရေးစတင်ချိန်မှ ၎င်းကျဆုံးချိန်ထိ စစ်ကောင်စီတပ်သားနှင့်ပျူစောထီး (၁၄၀)ကျော်အား သုတ်သင်နိုင်ခဲ့သော သူရဲကောင်း အောင်ကိုဇင်အားZEROပြောက်ကျားတပ်ဖွဲ့မှ ကြီးမြတ်စွာ အလေးပြုကြောင်းလည်းဖော်ပြသည်။
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အခြေစိုက်ကာ ထွက်ပေါ်လာခဲ့သည့် ZERO ပြောက်ကျားတပ်ဖွဲ့သည် အကြမ်းဖက်စစ်တပ်အား ၎င်းတို့တိုင်းတွင်သာမကဘဲ မကွေးတိုင်းနှင့်စစ်ကိုင်းတိုင်းနယ်များအထိပါ တော်လှန်တိုက်ခိုက်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။
(ကျဆုံးသွားသော ရဲဘော်အောင်ကိုဇင်အား အလေးပြုနေစဥ်။ ဓါတ်ပုံ-Zero ပြောက်ကျားတပ်ဖွဲ့ )
