●လိုက်နာမှုမရှိပါက ထိရောက်စွာအရေးယူမည်ဟုဆို
မြန်မာဘက်မှ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်သို့ နယ် စပ်ဖြတ်ကျော်၍ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သောဆေးဝါးများသယ်ယူရောင်းချခြင်းမပြုရန်ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF)ကယနေ့(ဇူလိုင် ၂၀)သတိပေးထုတ်ပြန်သည်။
အသိပေးထုတ်ပြန်ချက်အား လိုက်နာခြင်းမရှိပါက CNO/CNDF မှ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြင်းထန်စွာ သတိပေးအပ်ပါသည်ဟု ဆိုသည်။

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများကို မြန်မာနိုင်ငံဘက်မှ သယ်ယူပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းသို့ ရောင်းချလုပ်ကိုင်နေသူ မြန်မာနိုင်ငံသား၊ ချင်းလူမျိုး အမြောက်အမြားကို ယခုရက်ပိုင်းတွင် မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့မှ ဖမ်းဆီးအရေးယူမှုများကို ဒေသထုတ်သတင်းများ၌ စက်ဆုပ်ဖွယ် တွေ့မြင်နေရသည်ဟု ဖော်ပြသည်။

နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ချင်းပြည်သူများ စစ်ဘေးရှောင်ရင်း ဝင်ရောက်ခိုလှုံနေကြသည့် အခြေအနေနှင့် မီဇိုရမ်ပြည်နယ်သူ/သားတို့၏ လူသားချင်းစားနာထောက် ထားမှုဖြင့် လက်ခံကြိုဆို နေရာပေးနေမှုအပေါ် အခွင့် ကောင်းယူပြီး ဝိသမလောဘသားများ၊ ကိုယ်ကျိုးရှာ၊ တနပ်စားယုတ်မာသူ တချို့သည် မီဇိုရမ်ပြည်နယ်ဘက်သို့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများကို သယ်ယူရောင်းချခြင်းလုပ်ဆောင်နေကြသည်ကို တွေ့ရှိရသည်ဟု ထုတ်ပြန်သည်။

ထိုလုပ်ရပ်များအပေါ် CNO/CNDF အပါအဝင် ချင်းပြည်သူများသည် အလွန်အံ့အားသင့်သည့်အပြင် ယင်းလုပ် ဆောင်ချက်များကို အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြထားသည်။
