စစ်ကိုင်းတိုင်း၊ မုံရွာ – ချောင်းဦးလမ်းပိုင်းအား အရေးပေါ်လိုအပ်ချက်အရ ယနေ့နံနက်ပိုင်းမှ စတင်ကာ ယာယီပိတ်ထားကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-CHU PDFက သတိပေးကြေညာသည်။
မုံရွာ – ချောင်းဦးလမ်းပိုင်းအား ကြေညာချက်ထုတ်ပြန်ချိန် ယနေ့ (ဇူလိုင်၁၉ ရက်)နံနက် ၉နာရီ အချိန်မှစ၍ နောက်ထပ်ကြေညာချက်တစ်စုံတရာ မထုတ်ပြန်မီအထိ အရေးပေါ် လိုအပ်ချက် အခြေအနေအရ ယာယီပိတ်ထား လိုက်ကြောင်း ချောင်းဦး PDF၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
ယာယီပိတ်ထားချိန်အတွင်း ကြေညာချက်ပါလမ်းပိုင်းကိုပြည်သူများ၏ လုံခြုံရေးအတွက် လုံးဝအသုံးမပြုကြပါရန်နှင့် လိုက်နာခြင်းမရှိသူတို့၏ လုံခြုံရေးအတွက်အာမမခံကြောင်း ချောင်းဦး PDFက ထပ်မံ သတိပေးသည်။
အထက်ပါလမ်းပိုင်းတွင် သွားလာနေကြသောကားများအနေဖြင့် အန္တရာယ် ကင်းရှင်းစေရန်အတွက် ရောက်ရာအရပ်တွင်ခေတ္တရပ် နားထားကြပါရန်နှင့် အဆိုပါလမ်းပိုင်းကို လက်ရှိအသုံးပြု လျက်ရှိသော မိမိ၏ဆွေမျိုးမိတ်ဆွေများကို ထပ်ဆင့်အကြောင်းကြားပေးကြပါရန် ချောင်းဦးPDFက မေတ္တာရပ်ခံသည်။
မုံရွာ – မန္တလေးလမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီယာဥ်များ ဖြတ်သန်းသွား တိုင်း ဒေသတွင်း PDFအဖွဲ့များက မကြာခဏ မိုင်းခွဲတိုက်ခိုက်လေ့ရှိသည်။
