မြန်မာနိုင်ငံဆီ တတိယအကြိမ်မြောက် ခရီးစဉ်လာရောက်ဖို့အတွက် စီစဉ်နေပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြဇာလွှမ်းမိုးမှုကို အသုံးချပြီး ပဋိပက္ခတွေကို ချုပ်ငြိမ်းဖို့ ဆောင်ရွက်လိုကြောင်း အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆွန်ခွန်းက ပြောဆိုလိုက်ပါတယ်။
စင်ကာပူအခြေစိုက် CNA သတင်းဌာနဲ့ အင်တာဗျုးမှာ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ပရက်ဆွန်ခွန်းက ထည့်သွင်းပြောခဲ့တာပါ။
တတိယအကြိမ်မြောက်ခရီးစဉ်ကို လာမယ့်စက်တင်ဘာလ ဒုတိယ ပတ်မှာ သွားရောက်နိုင်ဖို့ မျှော်လင့်ထားတယ်လို့သိရပါတယ်။
ခရီးစဉ်ကို စက်တင်ဘာလ ၁၃ ရက်ကနေ ၁၇ ရက်အထိ ကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံ မတိုင်ခင် ဖြစ်မြောက်အောင် မျှော်လင့်ထားတယ်လို့ ပရက်ဆွန်ခွန်းက ဆိုပါတယ်။
ပြီးခဲ့တဲ့ ခရီးစဉ် နှစ်ကြိမ်မှာ အာဆီယံအထူးကိုယ်စားလှယ်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် မရခဲ့ပါဘူး။
အထူးကိုယ်စားလှယ်ရဲ့ ဒုတိယအကြိမ် ခရီးစဉ်မတိုင်ခင်ရက်ပိုင်းအလိုမှာ စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းဆီးထားရာနေရာကနေ နေပြည်တော်အချုပ်ထောင်ထဲပို့ထားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကို နေပြည်တော်အချုပ်ထောင်ကနေ မူလနေရာဆီ ပြန်ပို့ဖို့ အာဆီယံအထူးကိုယ်စားလှယ်က တောင်းဆိုခဲ့ပေမယ့် စစ်ကောင်စီက ပယ်ချထားပါတယ်။
ပြီးခဲ့တဲ့ ခရီးစဉ်တွေမှာ အာဆီယံအထူးကိုယ်စားလှယ်ဟာ စစ်ကောင်စီစီစဉ်ပေးသူတွေနဲ့သာတွေ့ဆုံခဲ့ရတာဖြစ်ပါတယ်။
