မတရားဖမ်းဆီးထောင်ချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ထောင်ကနေ ရန်ကုန်ကိုပြောင်းရွှေ့လိုက်တယ်ဆိုတဲ့သတင်းဟာမမှန်ကြောင်းနဲ့ ဒီနေ့ နေပြည်တော်ထောင်တွင်းတရားရုံးမှာ ရုံးထုတ်ခဲ့တယ်လို့တရားရုံးအသိုင်းအဝိုင်းကနေသိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ကနေ ရန်ကုန် တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ ကိုပြောင်းရွှေ့လိုက်ပြီလို့ ဒီနေ့မနက်မှာ သတင်းတွေထွက်လာတာပါ။
ဒီသတင်းဟာမမှန်ကန်ကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာနေပြည်တော်အချုပ်ထောင်မှာပဲ ဆက်လက်ရှိနေဆဲဖြစ်ကာ ဒီနေ့ ထောင်တွင်းတရားရုံးမှာ အစိုးရ လျှို့ဝှက်ချက်ဥပဒေနဲ့ စစ်ကောင်စီက တရားစွဲတဲ့အမှုအတွက် တရားခွင်ကိုလာရောက်ခဲ့တယ်လို့ နေပြည်တော်တရားရုံးအသိုင်းအဝိုင်းအတည်ပြုပါတယ်။
ရန်ကုန်မြို့က တက္ကသိုလ် ရိပ်သာလမ်းနေအိမ်ရှေ့မှာလည်း ပုံမှန်အတိုင်း ဖြတ်သန်းသွားလာခွင့်ပြုထားတာတွေ့ရပါတယ်။
အာဏသိမ်း စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ ဇွန်လအတွင်း ဖမ်းဆီးထားရာနေရာကနေ နေပြည်တော်အချုပ်ထောင်ဆီပြောင်းရွှေ့လိုက်တာပါ။
ဒီလုပ်ရပ်ကို နိုင်ငံတကာက ရှုတ်ချခဲ့ပါတယ်။ အာဆီယံအထူးကိုယ်စားလှယ်က စစ်ကောင်စီထံစာရေးပြီး ဒေါ်အောင်ဆန်းစုကြည်ကို မူလနေရာဆီပြန်ပို့ဖို့တောင်းဆိုခဲ့ပါတယ်။
ဒီတောင်းဆိုချက်ကို စစ်ကောင်စီဟာ ငြင်းပယ်ထားတယ်လို့သိရပါတယ်။
