မိုင်းရှူးမြို့တွင် အိမ်စီးကားတစ်စီးအား စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်၍ ကားပေါ်ပါမိသားစုဝင်သုံးဦးစလုံး သေဆုံးသွားခဲ့ကြောင်း SSPPတာဝန်ရှိသူတစ်ဦးက People’s Spring သို့ပြောသည်။
ယမန်နေ့(ဇူလိုင်၁၈ ရက်)ညကရှမ်းပြည်နယ်တောင်ပိုင်း၊မိုင်းရှုးနှင့် တန့်ယန်းသွားလမ်းတွင် တပ်စွဲထားသည့် စစ်ကောင်စီကအိမ်စီးကားတစ်စီးကိုပစ်ခတ်ခြင်းဖြစ်သည်။
“မြေပြင်သတင်းအရ အဲ့ဒါ( စစ်ကောင်စီကအရပ်သားသုံးဦးအားသေနတ်ဖြင့်ပစ်ခတ်၍ သေဆုံးသည့် ဖြစ်စဥ်) ဟုတ်ပါတယ်ခင်ဗျ”ဟု SSPP Pတာဝန်ရှိသူတစ်ဦးက People’s Spring သို့ပြောသည်။
ကားပေါ်တွင်အသက်၆နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် မိသားစု ၃ ဦးပါပြီး သုံးဦးစလုံးသေဆုံးခဲ့ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)၏ အာဘော်များကိုထုတ်ပြန်ပေးနေသည့် SSPP Info က ယနေ့(ဇူလိုင် ၁၉ရက်) သတင်းထုတ်ပြန်ထားသည်။သေဆုံးသူ သုံးဦးမှာ မိုင်းရှုးမြို့ဝမ်တောင်ဟျိုဝ်းရွာနေစိုင်းသီဟ၊နန်းဆိုင်လူနှင့် ၎င်းတို့၏ရင်သွေး ၆နှစ်အရွယ် ကလေးဖြစ်သည်။
ကားပေါ်တွင်မိသားစုစုဝင် သုံးဦးအနက်ကလေးငယ်နှင့်မိခင်ဖြစ်သူသည် နေရာတွင်ပင် သေဆုံးခဲ့ပြီးကလေးငယ်၏ဖခင်သည် မှိုင်းရှုးဆေးရုံတွင် သေဆုံးခဲ့ခြင်းဖြစ်သည်ဟုဒေသခံများကပြောသည်။
” အပြစ်မဲ့ပြည်သူကို ဒီလိုလုပ်တာကတော့ လက်ခံနိုင်စရာမရှိဘူး”ဟု SSPP တာဝန်ရှိသူကဆက်ပြောသည်။
မိုင်းရှူးမြို့(၇)မိုင်တွင် တပ်စွဲထားသည့် တပ်ရင်းမှူး ထွန်းအေးလင်း ဉီးဆောင်သော ခလရ( ၅ ၂ ၄ )မှ တပ်သားနှစ်ဦးသည် စိုင်းသီဟတို့ မိသားစု ကားကို တားဆီးကာ သေနတ်ဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့ကြောင်း၊ စိုင်းသီဟ၏ ဇနီးနန်းဆိုင်လူ နှင့် ၆ နှစ်အရွယ်ကလေးငယ်သည် ကားထဲတွင် ပွဲချင်းပြီးသေဆုံးခဲ့ရပြီး အိမ်ထောင်ဦှးစီး စိုင်းသီဟမှာ သေနတ်ဒဏ်ရာ ၁ ချက် ၊ ဓားဒဏ်ရာ ၂ ချက်ဖြင့် မိုင်းရှူးပြည်သူ့ဆေးရုံတွင် ညနက်ပိုင်း ၁၁ နာရီခန့်က သေဆုံးခဲ့ကြောင်းSSPP INFO က ဖော်ပြထားသည်။
သေဆုံးသူသုံးဦး၏ မိသားစုဝင်များအား သွားရောက်တွေ့ဆုံ၍ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်သွားရန် SSPPက စီစဥ်နေသည်ဟုသိရသည်။
