၂၀၂၁ ခုနှစ်နောက်ပိုင်းကစပြီး ကေအဲန်ယူ-ဒူးပလာယာခရိုင်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ကရင့်တော်လှန်ရေးတပ်ဖွဲ့တွေအကြား ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ(၇၁)ဦး သေဆုံးသွားခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်(KPSN)က ထုတ်ပြန်ထားတဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။
ကေအဲန်ယူ ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေ ထိန်းချုပ်နယ်မြေဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ အဓိကုန်သွယ်ရေးလမ်းမကြီးဖြစ်တဲ့ အာရှလမ်းကြီးတောင်ဘက် ဒေါနတောင်တန်းရဲ့နှစ်ဘက်စလုံးမှာ ၂၀၂၁ နောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကရင့်တော်လှန်ရေးတပ်ဖွဲ့တွေအကြား ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ခဲ့တာပါ။
တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ(၈၆၀၀၀)ကျော်ဟာ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရကာ အများစုဟာ ထိုင်းနယ်စပ်တစ်လျှောက်က ဆောက်လုပ်ထားတဲ့ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရတယ်လို့ KPSN ရဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာ (၂၃)ရက်နေ့ကစပြီး ဇူလိုင် ၃ ရက်နေ့အထိ ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း(၂၀၀)ကျော်ပြုလုပ်ခဲ့ပြီး ဒီလိုတိုက်ခိုက်မှုကြောင့် နေအိမ်၊ ကျောင်းနဲ့ ဘာသာရေးအဆောက်အဦးတွေ ကျယ်ကျယ်ပြန့်ပြန့်ပျက်စီးခဲ့တယ်လို့ KPSN က ဆိုထားပါတယ်။
ဒါ့အပြင် ၂၀၂၁ ဒီဇင်ဘာကနေ ဇူလိုင်လအထိ ဒူးပလာယာခရိုင်အတွင်းမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်နဲ့အမျိုးသမီးတွေအပါအဝင် အရပ်သား(၈)ဦး သေဆုံးခဲ့ရပြီး (၆၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။
ကေအဲန်ယူ-ဒူးပလာယာခရိုင်အတွင်း စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် တိမ်းရှောင်ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်တွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အရေးပေါ်လိုအပ်လျက်ရှိနေပြီး စစ်ဘေးရှောင်တွေအတွက် နယ်စပ်ဖြတ်ကျော်တဲ့ လူသားချင်းစာနာမှုအကူအညီတွေ တိုးမြင့်ပေးအပ်ဖို့လည်း နိုင်ငံခြားအလှူရှင်တွေကို KPSN က တောင်းဆိုထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် လက်နက်ပိတ်ဆို့ဖို့နဲ့ လေယာဉ်စီပံ့ပိုးမှုအပေါ် ပိတ်ဆို့ဖို့၊ သဘာ၀ဓာတ်ငွေ့အပါအဝင် ပစ်မှတ်ထားစီးပွားရေးအရေးယူပိတ်ဆို့ဖို့၊ စစ်ကောင်စီရဲ့ ရာဇဝတ်မှုအပေါ် တာဝန်ခံမှုရှိစေဖို့အတွက် အခြေအနေကို နိုင်ငံတကာရာဇဝတ်တရားခုံရုံးကို လွဲပြောင်းပေးဖို့၊ စစ်အုပ်စုကို ဖွံ့ဖြိုးရေးဆိုင်ရာအကူအညီသစ်တွေ ရပ်ဆိုင်းထားဖို့ စတဲ့အချက်တွေကို နိုင်ငံတကာအနေနဲ့ စစ်ကောင်စီအပေါ် ဖိအားပေးတိုးမြင့်ကြဖို့ KPSN က တောင်းဆိုထားကြောင်း အစီရင်ခံစာအရ သိရပါတယ်။
