ရခိုင်ပြည်နယ်မြောက်ပိုင်းမောင်တောဒေသတွင် ယနေ့နံနက်ပိုင်းမှစ၍ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီရဲကားတစ်စီးမိုင်းဆွဲတိုက်ခိုက်ခံရကာ ရဲတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးကာ ရဲမှုးတစ်ဦးအပါအဝင် ရဲ၁၂ယောက်ကို ပျောက်ဆုံးနေကြောင်း အမည်မဖော်လိုသောစစ်တပ်အတွင်းသတင်းရင်းမြစ်အချို့ကပြောသည်။
စစ်ကောင်စီတပ်နှင့် AAသည် မောင်တောမြို့နယ် မြဝတီကျေးရွာနှင့် တရိန်းကျေးရွာအကြားတွင် ယနေ့(ဇူလိုင်လ ၁၈ ရက်) နံနက် ၁၀ နာရီမှ စတင်၍ တိုက်ပွဲဖြစ်နေသည်ဟု ဒေသခံအချို့ နှင့် အမည်မဖော်လိုသောစစ်ကောင်စီသတင်းရင်းမြစ်များကကလည်းပြောသည်။ဒေစတွင်းမီဒီယာများတွင် တိုက်ပွဲဖြစ်ပွားနေကြောင်းရေးသားဖော်ပြပြီး မည်သည့်အဖွဲ့နှင့် မည်သည့်အဖွဲ့ ကြားတိုက်နေသည်ကိုအတည်ပြုမရကြောင်း ရေးသားဖော်ပြကြသည်။
AA ပြောရေးဆိုခွင့်ရှိသူထံ People’s Spring ကဆက်သွယ်ရန်ကြိုးစားသော်လည်းဆက်သွယ်မရသေးပါ။
တိုက်ပွဲဖြစ်ပွားနေစဥ်နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များလိုက်ပါလာသောစစ်ကောင်စီတပ်ကား တစ်စီးသည် မြဝတီ ကျေးရွာအနီးတွင် နေ့လည် ၁၂နာရီခန့်က မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီးသေဆုံးထိခိုက်မှုများရှိခဲ့သည်။
“ကားမိုင်းဆွဲခံရပြီး ရဲတပ်ကြပ်တစ်ယောက် သေတယ်။ ၁၂ယောက် ပျောက်နေတယ်။ပျောက်နေတဲ့အထဲမှာ ရဲမှူးတစ်ယောက်နဲ့ ဒုရဲမှုးတစ်ယောက်ပါတယ်” ဟုအမည်မဖော်လိုသောဒုရဲမှုးအဆင့်ရှိရဲတစ်ဦးကလည်းပြောသည်။
သေဆုံးသူသည် ရဲတပ်ကြပ်လှထွေးဆိုသူဖြစ်ကြောင်းသိရသည်။ရခိုင်ပြည်နယ်တိုက်ပွဲတိုင်းတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်အများအပြားသေဆုံး ဒဏ်ရာရခဲ့ဖူးသဖြင့်ယခုတိုက်ပွဲပြန်ဖြစ်လာ၍ စိုးရိမ်နေကြကြောင်း စစ်ကောင်စီတပ်ထောက်ခံသူများအချင်းချင်းလူမှုကွန်ရက်တွင် ပြောဆိုနေကြသည်ကိုလည်းတွေ့ရသည်။
စစ်ကောင်စီနှင့် AA သည် ယနေ့ညတွင်လည်း တိုက်ပွဲဆက်ဖြစ်နေသည်ဟု မောင်တော ဒေသခံများကပြောသည်။စစ်ကောင်စီသည် လက်နက်ကြီးများဖြစ်ပစ်ခတ်နေ၍ အရပ်သားများသည် ဘေးလွတ်ရာ တိမ်းရှောင်နေကြရကြောင်းလည်းသိရသည်။
ရခိုင်ပြည်နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် AAတို့ကြား စစ်ရေးတင်းမာနေသည်မှာ ရက်သတ္တပါတ်များစွာကြာနေပြီဖြစ်သည်။
