လူငယ်များနှင့် ကျောင်းသားများကို နိုင်ငံရေးပုဒ်မများဖြင့် တရားစွဲအမိန့်ချသည့် မင်္ဂလာတောင်ညွှန့်မြို့နယ် တရားသူကြီး ဦးစန်းလင်းအား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း အထူးတာဝန်လုပ်ငန်းအဖွဲ့ Special Task Agency of Burma(STA)အဖွဲ့က အသိပေးထားသည်။
ဇူလိုင် ၁၅ရက် ည ၇ နာရီခန့်တွင် တရားရုံးမှ နေအိမ်သို့ အငှားယာဉ်ဖြင့်ပြန်လာစဉ် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း STA မှ တာဝန်ရှိသူက ပြောသည်။
“ပစ်ခတ်မှုကြောင့် တရားသူကြီးချုပ် ဦးစန်းလင်း ပွဲချင်း ပြီးသေဆုံးပြီး အငှားယာဉ်မောင်းထိခိုက်ဒဏ်ရာရခြင်း မရှိခဲ့ပါ။မိမိတို့ အဖွဲ့သားများအနေဖြင့် အထိအခိုက်မရှိ အောင်အောင်မြင်မြင်ဆုတ်ခွာနိုင်ခဲ့ပါသည်”ဟု ၎င်းကပြောသည်။
STA အဖွဲ့အနေဖြင့် ဇူလိုင် ၁၅ရက် ညနေ ၄နာရီကလည်း လှိုင်သာယာမြို့နယ်တရားရုံးကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။
မိုင်းပေါက်ကွဲပြီးချိန်၌ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်စစ်ဆေးခဲ့သော်လည်း အဖွဲ့သားအားလုံးဘေးကင်းကြောင်း ၎င်းက ဆိုသည်။
STAအဖွဲ့သည် စစ်အာဏာရှင်ကို အမြစ်ဖြတ်ချေမှုန်းရန် တိုက်ပွဲဝင်နေသော မြို့ပြစစ်သည်တော်များအဖွဲ့ဖြစ်ပြီး စစ်ကောင်စီနှင့် ၎င်းတို့၏ထောက်တိုင်များကို ရှင်းလင်းမှုများ ဆက်တိုက်ပြုလုပ်နေသည်။
