●စားဝတ်နေရေးအခက်အခဲကြောင့် စစ်ကောင်စီထံမှအထောက်အပံ့ရလို၍ပျူလုပ်ရသည်ဆိုလျှင်ခေါ်ယူစောင့်ရှောက်ပေးမည်၊ပျူမလုပ်ရန်ပြည်သူကိုဒုက္ခမပေးရန်သတိပေး
ပခုက္ကူမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ လက်ပါးစေ ပျူစောထီးတစ်ဦးကို ဖမ်းဆီးစစ်ဆေးစဥ် ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ Young Force(UG)က ယနေ့(ဇူလိုင် ၁၄)အသိပေးထုတ်ပြန် သည်။
ယမန်နေ့(ဇူလိုင် ၁၃)ညနေပိုင်းက ပခုက္ကူမြို့နယ် မြောက်လူးကန် ကျေးရွာရှိ စစ်ကောင်စီ၏ လက်ပါးစေပျူဒလန်ဟုဆိုသောကိုသန်းဇော်ဦးအား စစ်ဆေးရေးဂိတ်မှပြန်လာချိန် လမ်းခုလတ်မှစောင့်၍ဖမ်းဆီးရာ ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ရှင်းလင်းလိုက်ရကြောင်း ဖော်ပြသည်။
ဖမ်းဆီးပြီး ကြိုးဖြင့်တုပ်ကာစစ်ဆေးနေစဥ် ခုခံထွက်ပြေးခဲ့ခြင်းဖြစ်ပြီး သန်းဇော်ဦး၏ ဝန်ခံထွက်ဆိုချက်အရ ၎င်းတို့အနေဖြင့် စစ်ဆေးရေးဂိတ်၌ တားဆီးစစ်ဆေးမှုများပြုလုပ်လျှင် တစ်ရက်ကျပ် ၅,၀၀၀ ခန့်ရကာ မြောက်လူးကန်ရွာတွင် ပျူစောထီးဟုနာမည်ကြီးသူ ကိုချစ်ထွေး၏ ခိုင်းစေမှုကြောင့် ပြုလုပ်ရခြင်းဖြစ်သည်ဟု ဆိုသည်။
“ဟုတ်ကဲ့ ဒလန်လို့လဲ ပြောလို့လည်းရတယ်။ ပျူစောထီးလို့လည်းပြောလို့ရတယ်။ နေ့စားခ ပိုက်ဆံယူပီး ကျောင်းမှာတပ်စွဲပြီး စစ်ဆေးရေးဂိတ်ဖွင့်ပြီး ပြည်သူတွေအပေါ် အမျိုးမျိူး ခြိမ်းခြောက်ငွေညှစ်နေတာပါ”ဟုYoung Force(UG)မှ ရဲဘော်တစ်ဦးက သန်းဇော်ဦးနှင့်ပတ်သပ်၍ရှင်းပြသည်။
ထိုလူများ၏သတင်းပေးတိုင်ကြားမှုကြောင့် ပြည်သူများဖမ်းဆီးခံခဲ့ရသည့် ဖြစ်စဥ် နှစ်ခုထက်မနည်း ရှိခဲ့ပြီး ခိုင်လုံသော သတင်းများနှင့် တိုင်ကြားလာသော သတင်းများကို စိစစ်ပြီးဖြစ်သည်ဟု အသိပေးသည်။
“ပြည်သူကိုဒုက္ခပေးလာမယ်ဆိုရင်တော့ကျွန်တော်တို့အနေနဲ့ ထိုက်သင့်တဲ့ အရေးယူမှုတွေ ပြုလုပ်ရပါလိမ့်မယ်၊တအားခက်ခဲနေရင် ကျွန်တော်တို့ ခေါ်ထားမယ်၊စောင့်ရှောက်ပေးပါမယ်”ဟု Young Force(UG)ကဖော်ပြသည်။
ထို့အပြင်စားဝတ်နေရေးအခက်အခဲကြောင့် ပျူစောထီးအဖြစ် စစ်ကောင်စီထံမှအထောက်အပံ့ယူနေရပါက ခေါ်ယူစောက်ရှောက်ပေးမည်ဖြစ်ပြီး ပြည်သူအား ဒုက္ခမပေးရန်လည်း ပျူစောထီးများကိုလည်း Young Force(UG)က အသိပေးထားသည်။
စစ်ကောင်စီ၏လက်ပါးစေများအနေဖြင့်ရပ်တန်းကမရပ်၊ အသိတရားမရဘဲ ပြည်သူအချင်းချင်းဆက်လက် အနိုင်ကျင့်ဒုက္ခပေးနေမည်ဆိုပါက ၎င်းတို့ ရောက်လာမည်ဖြစ်ကြောင်း အသိပေးထားသည်။
