ရေဖြူမြို့နယ်ရှိ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)ရုံးကို တိုက်ခိုက်စီးနင်းနေစဥ် စစ်ကူလာသည့် စစ်ကောင်စီတပ်ကားကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးခဲ့သည်ဟု လောင်းလုံမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF)က သတင်းထုတ်ပြန်သည်။
ရေဖြူစရဖရုံးကို ဇူလှိုင် ၁၃ ရက် ည ၁၀နာရီခွဲခန့်က ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့လေးဖွဲ့ကပူးပေါင်း၍ဝင်ရောက်ဖောက်ခွဲတိုက်ခိုက်ရာရုံးအဆောက်အအုံတစ်ခုလုံးမီးလောင်ပြာကျခဲ့သည်။ အဆိုပါတိုက်ခိုက်မှုတွင်စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုရှိ၊မရှိကို သီးခြားအတည်မပြုနိုင်ဟုပါရှိသည်။ စရဖရုံးတိုက်ခိုက်မှုကို DGRF၊ T1 Zone၊ TPLEနှင့် ဝေဟင်တပ်စုတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စရဖရုံးကိုတိုက်ခိုက်နေစဉ်ရေဖြူအနောက်ဘက်ကမ်းမှစစ်ကောင်စီတပ်က စစ်ကား ၃စီးဖြင့် စစ်ကူလာရာတွင်လောင်းလုံ-PDF- LLPDF ၊TPLF ၊ဇင်ယော်တပ်စုနှင့်ဒေသခံကာကွယ်ရေးတပ်တို့က ပူးပေါင်း၍ပဒေသာမိုင်းဖြင့် ဆီးကြိုတိုက်ခိုက်ခဲ့သည်။
မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကားနှစ်စီးမှာထိုနေရာတွင်ပင် လုံးဝပျက်စီးသွားပြီး စစ်ကောင်စီတပ်က အနီးပတ်ဝန်းကျင်ကိုရမ်းသမ်းပစ်ခတ်ခဲ့သည်။ထိုသို့ရမ်းသမ်းပစ်ခတ်ပြီး ကျန်ကားတစ်စီးမှာ ပြန်လည် မောင်းထွက်သွားသည်။
ထိုမိုင်းဆွဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ အများအပြားရှိပြီး စစ်ကောင်စီတပ်သား ၅ဦး မှာ ထိုနေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့သည်ဟု လောင်းလုံPDF ကထုတ်ပြန်သည်။
“ကျွန်တော်တို့ဘက်တော့ အထိအခိုက်အကျအဆုံးမရှိဘူး”ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
အကြမ်းဖက်စစ်ကောင်စီတပ်ကိုရှေ့တွင်လည်းဆက်လက်တိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့်စစ်ဘက်ဆိုင်ရာရုံး၊ အဆောက်အအုံများ၊ စစ်ကား၊ရဲကားများတို့မှ အဝေးကို ရှောင်ရှားသွားကြရန်နှင့်ပစ်ခတ်သံများဖြစ်ပွားလျှင်သွားရောက်စူးစမ်းခြင်းမပြုရန် LLPDFက တောင်းဆိုထားသည်။
