မြန်မာစစ်တပ်၏ အကြမ်းဖက်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ အဆုံးသတ်ရမည်ဟု ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး Ann Linde က တိုက်တွန်းသည်။
အထက်ပါဆွီဒင်နိုင်ငံခြားရေးဝန်ကြီးသည် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ မြန်မာနိုင်ငံ ဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူသို့ ဆွီဒင်နိုင်ငံက ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့မှုပေးခဲ့ခြင်းအပေါ် ဝမ်း မြောက်ကြောင်းကြေညာစဉ် ၎င်း၏တွစ်တာမှတဆင့် တိုက်တွန်းခြင်းဖြစ်သည်။

“ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီအတွက် မြန်မာပြည်သူတွေရဲ့ ပြင်းပြတဲ့ဆန္ဒကို အထောက်အပံ့ပေးဖို့နဲ့ လူသားချင်းစာနာမှုဆိုင်ရာအကျပ်အတည်း လျော့ပါးစေဖို့ ကုလသမဂ္ဂရဲ့ ကြိုးပမ်းမှုတွေက အရေးပါပါတယ်” ဟု ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး Ann Linde က ဇူလိုင် ၁၃ ရက်တွင်ရေးသားထားသည်။
အထူးအစီရင်ခံစာတင်သွင်းသူ Tom Andrewsသည် မကြာသေးမီက ကျင်းပခဲ့သော ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသို့ မြန်မာစစ်တပ်၏ ကျူးလွန်နေဆဲ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများအကြောင်း အစီရင်ခံစာတင်သွင်းဖတ်ကြားခဲ့ပြီး နိုင်ငံတကာအသိုင်း အဝန်းက စစ်ကောင်စီအပေါ် အရေးယူရန် ပျက်ကွက်ကျရှုံးမှုများကိုလည်း တင်ပြခဲ့သည်။
