စစ်ကောင်စီတပ်မှ ဗိုလ်တစ်ဦးထွက်ပြေးရာ ကားတိုက်သေဟု သထုံခရိုင် PDFတပ်ရင်းသုံး ထုတ်ပြန်
ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် တပ်မဟာ(၁)နယ်မြေ ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာတွင် စစ်ကော်စီတပ်ယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်း(၃)က သတင်းထုတ်ပြန်သည်။
ယနေ့ (ဇူလိုင် ၁၅ရက်) နံနက် ၁၀နာရီခန့်တွင် အင်္ဂဘိုကျေးရွာ ဆီအုန်းအမှတ် (၂)လေးဒေါင့်ကန် အနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း – 3 နှင့် KNU/KNLA ပူးပေါင်းတပ်ဖွဲ့များက စစ်ယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ၏ယာဉ်တန်းအား အမြဲလုံခြုံရေး ယူပေးနေသော ရှေ့ပြေးကင်းပုန်းမှ ဗိုလ်တစ်ဦးတိုက်ပွဲအတွင်း အလန့်တကြားထွက်ပြေးရာမှ ကားတိုက်သေဆုံး ခဲ့ကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွားရာနေရာအနီးတဝိုက် လက်နက်ကြီးများ ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်စာရင်း အား အတိအကျမသိရကြောင်း PDF တပ်ရင်း(၃)က သတင်းထုတ်ပြန်သည်။
အဆိုပါတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း – ၃ နှင့် KNU/KNLA ပူးပေါင်းတပ်ဖွဲ့များ အထိခိုက်မရှိအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ သည်ဟု အသိပေးထားသည်။
