ဖားကန့်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုသပိတ်မှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးခုနှစ်ဦးကိုစစ်ကောင်စီက ဖမ်းဆီးသွားပြီး စစ်တပ်ဗျုဟာကုန်းစစ်ကြောရေးတွင် စစ်ဆေးနေကြောင်းဒေသခံများကပြောသည်။
ဖားကန့်ကျောက်တူးဖော်ရေးမှော်များအတွင်း နေ့စဥ်လှည့်လည်နေသည့် လူထုသပိတ်မှ ရှစ်ဦးကို ယမန်နေ့(ဇူလိုင် ၁၃ရက်)နေ့လယ်ကဖမ်းဆီးခံရခြင်းဖြစ်သည်။
“သပိတ်ပြီးလို့ လူစုခွဲချိန်မှာ ကျွန်တော်တို့လူတွေရဲ့ ကားရှေ့ကို ကားအနက်ကြီး ဖြတ်ဝင်ပိတ်ပြီးဖမ်းတာ။ သတိထားတဲ့ကြားထဲက တစ်ချက်ပေါ့သွားတာ”ဟု ဖားကန့်လူထုသပိတ်ခေါင်းဆောင်တစ်ဦးကပြောသည်။
ဖမ်းဆီးခံရသူ ရှစ်ဦးစလုံးကို စစ်တပ်ဗျူဟာကုန်းတွင် စစ်ဆေးနေပြီး သတင်းတစုံတရာ မကြားရသေးကြောင်း သပိတ်ခေါင်းဆောင်တစ်ဦးကပြောသည်။
ဖားကန့်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးလူထုသပိတ်ကို စစ်ကြောင်းသုံးကြောင်းဖြင့် နေ့စဥ် နံနက်ရော ညနေပါ ပြုလုပ်နေခြင်းဖြစ်ပြီး ယခုအခါ ဖမ်းဆီးခံရသော သပိတ်စစ်ကြောင်းကို ယာယီ ရပ်နားထားရသည်။
“သပိတ်စစ်ကြောင်း ယာယီခဏနားထားတယ်။ကျွန်တော်တို့ အခြေအနေ စောင့်ကြည့်နေပါတယ်” ဟု ဖားကန့်မြို့ခံတစ်ဦးကပြောသည်။
စစ်အာဏာရှင်ဆန့်ကျင်ရေးအားကောင်းသည့် ဖားကန့်တွင် ရဲအုပ်တစ်ဦး အပါအဝင် ရဲခုနှစ်ဦးကိုသေနတ်များနှင့်အတူ KIA ၊ PDF ပူးပေါင်းတပ်က ဇူလိုင် ၅ရက်တွင် ဖမ်းဆီးခဲ့သည်။
