မကွေးတိုင်း၊ ပခုက္ကူခရိုင် ဆိပ်ဖြူမြို့နယ်တွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်အား ဒေသတွင်းမဟာမိတ် (၉)ဖွဲ့ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၉ဦးခန့်သေဆုံးနိုင်ကြောင်း CAF -SPUPDF (မြေလတ်ဒေသဆိပ်ဖြူမြို့နယ်ကာကွယ်ရေးအဖွဲ့)က သတင်းထုတ်ပြန် သည်။
ဇူလိုင် ၉ရက်က ဆိပ်ဖြူမြို့နယ်၊ ရှားလှကျေးရွာအုပ်စု ပိုင်းကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်များနှင့် မဟာမိတ်တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့သည်။
တိုက်ပွဲမှာ ဇူလိုင် ၉ ရက်မှ ၁၀ ရက် ညနေပိုင်းအထိ တိုက်ပွဲဖြစ်ပွားခဲ့ကြရာ စစ်ကောင်စီဘက်က “မိုင်း” ထိပြီး သုံးဦးခန့်သေဆုံးပြီး ငါးဦးခန့် ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း CAF -SPUPDFက ဆိုသည်။
တိုက်ပွဲတွင် ပြည်သူ့ရဲဘော်တစ်ဦးက စနိုက်ပါဖြင့်ပစ်ခတ်ခဲ့မှုကြောင့် စစ်ကောင်စီတပ်သားတစ်ဦး ယာဘက်နံကြားကိုထိမှန်ခဲ့ပြီး လဲကျသွားကာ ထမ်းခေါ်သွားရကြောင်း၊ ပူးပေါင်းမဟာမိတ်များဘက်က ပစ်လိုက်သော စနိုက်ပါပစ်ချက်ဖြင့် တစ်ဦးထပ်မံသေဆုံးခဲ့ကြောင်း CAF -SPUPDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
တိုက်ပွဲတွင် လက်နက်ကြီး၊လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး စစ်ကောင်စီတပ်သား စုစုပေါင်း ၉ဦးခန့်သေဆုံးနိုင်ကာ ၁၀ဦးထက်မနည်း ဒဏ်ရာရရှိသွားသည်ဟု CAF -SPUPDF က ဆိုသည်။
စစ်ကောင်စီတပ်က တိုက်ပွဲအခြေအနေမလှသဖြင့် ဇူလိုင် ၁၀ရက် ညနေပိုင်းတွင် ဆုတ်ခွာသွားခဲ့ကြရာ အပြန်လမ်းတွင် မိုင်းနှစ်လုံးမိကာ ထပ်မံတိုက်ခိုက်ခံရပြီး သေဆုံးအရေအတွက်မသိရသေးကြောင်း၊ အပြန်လမ်း တောတဲတိုက်တွင် စစ်ကောင်စီတပ်သား လူနာအများအပြား ဆေးကုသနေရကြောင်း CAF -SPUPDF က အသိပေးသည်။
အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ CAF -SPUPDF ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။ စစ်ကောင်စီတပ်၏ သေဆုံးထိခိုက်မှုအခြေအနေနှင့်ပတ်သက်၍ People’s Spring က ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။
အဆိုပါတိုက်ပွဲအား CAF -SPUPDF (မြေလတ်ဒေသဆိပ်ဖြူမြို့နယ်ကာကွယ်ရေးအဖွဲ့)၊ရေနံချောင်း PDF၊ Saw PDF တပ်ရင်း ၂ (YRPA)၊ SLN LPD(Salin Local People’s Defence Force)၊ Kyaukpadaung Defence Force – KDFKDF၊ ပေါက်မြို့နယ် တပ်ရင်း ၆၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ၊ တပ်မဟာ (၇) ၊ တပ်ရင်း (၇၁၂) – (ပြည်သူ့စွမ်းအားတပ်ပေါင်းစု)၊ YDF တပ်ရင်း ၉ တွေ့မရှောင် (ပေါက်မြို့နယ်တောင်ပိုင်း)စသည့် အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
မဟာမိတ်ပူးပေါင်းအဖွဲ့များမှာ အထိအခိုက်မရှိတိုက်ပွဲဆင်နိုင်ခဲ့ပြီး ပြည်သူများပူးပေါင်းပါဝင်ပေးကြပါရန် CAF-SPUPDFက မေတ္တာရပ်ခံထားသည်။
