စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် အင်အားများချကာ စစ်ကြောင်းထိုးမှုများကြောင့် ဒီပဲယင်းနယ်အရှေ့ခြမ်းကျေးရွာများမှ ပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်းသတင်းရင်းများက ပြောသည်။
အကြမ်းဖက်စစ်တပ်သည် ဇူလိုင် ၄ရက်မှစတင်ကာ ဒီပဲယင်းမြို့နယ်အနောက်ခြမ်း သိမ်ဘာ၊ ဆပ်ပြာကျင်းရွာတစ်ဝိုက်မှစ၍ ရဟတ်ယာဥ်များအသုံးပြုကာ တပ်သားများချခဲ့ကြောင်း ဒေသခံများက ပြောသည်။


ယနေ့(ဇူလိုင်၁၀ရက်)တွင်လည်း ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းတနယ် ဆင်ရောက်ကုန်း၊ ပေါက်တော ကျေးရွာများသို့ စစ်ကြောင်းထိုးနေသည်ဟု ဒေသခံတို့ကဆိုသည်။
အဆိုပါ စစ်ကောင်စီတပ် စစ်ကြောင်းထိုးမှုကြောင့် စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက် ကျေးရွာများမှ ဒေသခံပြည်သူ ထောင်ဂဏန်းခန့် နေ့စဉ်စစ်ဘေးတိမ်းရှောင်နေရသဖြင့် အကူအညီများ လုံလောက်စွာရရှိနိုင်ရန် လိုအပ်လျက်ရှိနေသည်ဟု ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က အသိပေးသည်။

ယမန်နေ့(ဇူလိုင်၉ရက်) ညနေ ၆နာရီခွဲခန့်က ရေဦးမြို့မှ ကြာပန်းအဝိုင်းသို့ ထွက်လာသော စစ်ကောင်စီတပ်သည် ဒီပဲယင်းနယ်စပ်၊ ခင်ဦးမြို့နယ် အင်းပတ်ရွာနှင့် ညောင်လှရွာဝန်းကျင်ဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။


အဆိုပါ လက်နက်ကြီးများကျရောက်မှုကြောင့် အင်းပတ်ရွာရှိ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရပြီး အဆောက် အအုံအချို့ပျက်စီးမှုရှိခဲ့သည်ဟုသိရကြောင်း ဒေသခံများက ပြောသည်။
ယခုရက်ပိုင်း စစ်ကောင်စီသည် ရဟတ်ယာဉ်အများအပြားအသုံးပြုကာ လေကြောင်းဖြင့်တိုက်ခိုက်ပြီး ရေဦး၊ ဒီပဲယင်းမြို့နယ်များသို့ ထိုးစစ်ဆင်နေ၍ ဒေသခံပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နိုင်ကြရန် ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးက အသိပေးထားသည်။
