စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ဆိပ်ခွန်ရွာတွင်တပ်စွဲထားသော အကြမ်းဖက်စစ်တပ်အား ဒေသတွင်း PDFများပူးပေါင်းကာ ခြုံခိုတိုက်ခိုက်ခဲ့ပြီးအကြမ်းဖက်စစ်သား ၃ ဦးပြင်းထန်ဒဏ်ရာရရှိသွားကြောင်း SNAKE EYES PDF အဖွဲ့က သတင်းထုတ်ပြန်သည်။
ယမန်နေ့ (ဇူလိုင်လ ၉ ရက်နေ့)တွင်ရွှေဘိုမြို့နယ်၊ဆိပ်ခွန်ရွာတွင်တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်များသည် အများပြည်သူသွားလာနေသည့်လမ်းပိုင်းကို ငွေကြေးအတင်းအကြပ်ကောက်ခံနေ၍ဒေသတွင်းPDFများပူးပေါင်း၍ ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း SNAKE EYES PDF အဖွဲ့၏ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
အဆိုပါတိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်သား ၃ ဦးအပြင်းအထန်ဒဏ်ရာရရှိပြီး သေဆုံးမှုအခြေအနေမသိရသေးဟု SNAKE EYES PDF အဖွဲ့က ဆိုသည်။

ထိုတိုက်ခိုက်မှုအား ပြည်သူ့ကာကွယ်ရေးတပ်မတော် ရွှေဘိုခရိုင် တပ်ရင်း(၅) တပ်ခွဲ(၃)၊ C&T ShweBo(LDF)၊ Snake Eyes (LDF) ၊ Shwebo Federal Army (SBFA) ၊ ဒေါင်းမာန်-SHWEBO၊Alpha-7(LDF) ၊ MDF SHWEBO ၊ဗိုလ်ကျားရိုင်း-Shwebo ၊ F .D .F နှင့် ရွှေဘိုတိုက်နယ်(၂)မှ ပ.က.ဖ များက ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ၎င်းတို့က အသိပေးသည်။
“ဖြစ်စဥ်က ညနေ ၄နာရီ ၄၈မိနစ်ခန့်မှာ ဖြစ်တာပါ။ညနေပိုင်း သူတို့အလစ်အငိုက်ဖမ်းပြီးတော့ သူတို့ အထိုင်ချထားရာ ရဲစခန်းအတွင်းကို ၄၀ မမ ဗုံးသီး၄လုံးနဲ့ တပြိုင်နက် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ၊ ပုံပါ လက်နက်ကြီးက သူတို့ဘက်က ကပျာကယာနဲ့ ၆၀မမ လက်နက်ကြီးကို အသက်မသွင်းဘဲ ပစ်လိုက်တဲ့အလုံးပါ။”ဟု SNAKE EYES PDF အဖွဲ့တာဝန်ရှိသူက ပြောသည်။
တိုက်ခိုက်ခံရသည့် ရဲစခန်းသည် ယခင်က နယ်မြေရဲကင်းစခန်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက် ရဲများမနေကြတော့ဘဲ ယခုနှစ် မတ်လတွင် ပြန်လည်တပ်စွဲခဲ့ခြင်းဖြစ်ကြောင်း SNAKE EYES PDF အဖွဲ့တာဝန်ရှိသူက ပြောသည်။
အကြမ်းဖက်စစ်တပ်၏ သေဆုံးထိခိုက်မှုအခြေအနေနှင့်ပတ်သက်၍ People’s Spring ကသီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
ဆိပ်ခွန်ရွာသည် ရွှေဘိုမြို့အနောက်ဘက်တွင် တည်ရှိပြီး CDM ဝန်ထမ်းများ အားကောင်းရာ ရွာကြီးတစ်ရွာဖြစ်ကာ အကြမ်းဖက်စစ်တပ်၏ ဖမ်းဆီးသတ်ဖြတ်မှုများ ခံခဲ့ရသော ရွာကြီးတစ်ရွာဖြစ်သည်။
