မကွေးတိုင်းနှင့် ချင်းပြည်နယ်အစပ်ရှိ မင်းတပ်မြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ(၂၇၄) တပ် သည် ယမန်နေ့ ညပိုင်းကလက်နက်ကြီးများ အကြောင်းမဲ့ရမ်းသမ်းပစ်ခတ်နေကြောင်း မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF)က သတင်းထုတ်ပြန်သည်။
ဇူလိုင် ၉ရက် ည ၈နာရီခန့်က စစ်ကောင်စီတပ်က လက်နက်ကြီး ၁၁ချက်ပစ်ခတ်ရာ ဘောင်ထဲကျေးရွာနှင့် အနီးတဝိုက် ကျရောက်ပေါက်ကွဲခဲ့ကြောင်း နှင့်ထိခိုက်မှုမရှိကြောင်း ဖော်ပြထားသည်။
ထို့ပြင် မကွေးတိုင်း ထီးလင်းမြို့မှ ထွက်လာသည့် အင်အား ၉၀ခန့်ရှိ စစ်ကောင်စီတပ်သည် ယနေ့နံနက် ၁၀နာရီ ၄၅မိနစ်ခန့်တွင် ထီးလင်းမြို့နယ် အောင်းရွာအနီး ရောက်ရှိနေပြီး မင်းတပ်မြို့နယ် ရွှေအောင်သာရွာ သို့မဟုတ် တောင်ပေါ်သို့ တက်လာနိုင်ကြောင်း ခန့်မှန်းရကြောင်း မင်းတပ် CDFက ထုတ်ပြန်သည်။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇွန်လကလည်း ထီးလင်းမြို့နယ်မှ မင်းတပ်မြို့သို့ ဝင်ရောက်၍ စစ်ကြောင်းထိုးခဲ့၍ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်၏ ခလရ (၂၇၄)တပ်က လက်နက်ကြီး ရမ်းပစ်၍ ဒေသခံကလေးငယ်တစ်ဦး အသက်ဆုံးရှုံးရသည်။ ထို့ပြင် စစ်ကောင်စီတပ်က မင်းတပ်နယ်ရှိ ရွာအချို့ကိုလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တော်လှန်ရေးရဲဘော်အချို့ကျဆုံးပြီး ဒေသခံ ပြည်သူများနှင့် ရဲဘော်များစွာ ထိခိုက်ဒဏ်ရာရခဲ့သည်။
