ရှရှားအစိုးရအား မြန်မာစစ်တပ်နှင့် ပူးပေါင်း၍ ပြည်သူများကို လေကြောင်းဖြင့် ဗုံးကျဲခြင်း အပေါ် ရှုတ်ချ
တောင်ကိုရီးယားနိုင်ငံရောက်မြန်မာများက ဆိုလ်းမြို့ရှိ ရုရှားသံရုံးရှေ့တွင် ယနေ့ (ဇူလိုင် ၁၀)သွားရောက်ပြီး လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်နေသော စစ်အာဏာရှင်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် ရုရှားသမ္မတပူတင်တို့ကို ရှုတ်ချကြောင်း ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။


ယင်းဆန္ဒပြပွဲကို မြန်မာကျောင်းသားများအသင်း ကိုရီးယား(M.S.O) ၊ မြန်မာ့နွေဦးတော်လှန်ရေး ထောက်ခံသူများ ကိုရီးယားအဖွဲ့ (M.S.R.S.Kr) နှင့် မြန်မာ့ဖက်ဒရယ် ဒီမိုကရေစီ အောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (M.F.D.M.C)တို့မှ ဦးဆောင်ပြီး တောင်ကိုရီးယားနိုင်ငံရောက်မြန်မာနိုင်ငံသားများ ပူးပေါင်းပါဝင်ခဲ့ကြသည်။
ဆန္ဒပြသူများက ရုရှားနိုင်ငံအနေဖြင့် မြန်မာ့ဒီမိုကရေစီအရေးတွင် အနှောက်အယှက်ပေး၍ အာဏာသိမ်း စစ်ကောင်စီကို စစ်လက်နက်ပစ္စည်းများ ထောက်ပံ့နေခြင်းအပေါ် ကန့်ကွက်ခဲ့ပြီး “Don`t Support Myanmar Dictatorship!”ဆိုသည့် စာတန်းဖြင့် မြန်မာစစ်အာဏာရှင်ကိုထောက်ပံ့ခြင်းမပြုရန် ကြွေးကြော်ဆန္ဒပြခဲ့သည်။

ထို့အပြင် ရုရှားအစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ စစ်ကောင်စီတပ်နှင့် ပူးပေါင်းကာ ပြည်သူများအပေါ် လေကြောင်းဖြင့် အင်အားသုံး ဗုံးကြဲခြင်းများ ပူးပေါင်းဆောင်ရွက်နေခြင်းကိုလည်း ရှုတ်ချကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
