ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ဒလန်ဟုဆိုသူတစ်ဦးအား ရှင်းလင်းစဥ် ကလေးငယ်တစ်ဦးတင်ပါးကျည်ထိမှန်ခဲ့၍ ကွယ်လွန်သွားကြောင်း ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (ထားဝယ်ခရိုင်)က ယနေ့(ဇူလိုင် ၁၀)အသိပေးထုတ်ပြန်သည်။
လောင်းလုံးမြို့နယ်၊ ဝေဒီကျေးရွာနေ စစ်ကောင်စီသတင်းပေးဆိုသူ ဦးကျော်ဟိန်းအား ယမန် နေ့(ဇူလိုင် ၉ ရက်) ည၁၁နာရီခွဲခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း ဖော်ပြသည်။
ထိုပစ်ခတ်မှုတွင် ဦးကျော်ဟိန်းမှာထွက်ပြေးလွတ်မြောက်ခဲ့ပြီး နေအိမ်အတွင်းရှိ ဇနီးဖြစ်သူ အသက်(၄၀)ခန့်ရှိ ဒေါ်ဖြူသန်းနှင့် တူမဖြစ်သူ အသက်(၇)နှစ်အရွယ် မငုဝါနိုးတို့ ကျည်ဆံထိမှန်ခဲ့ပြီး မငုဝါနိုးမှာ ကျည်ထိမှန်ဒဏ်ရာဖြင့် အသက်သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ကလေး၏ ဖခင်ဖြစ်သူက ပြောသည်ဟု ထုန်ပြန်ချက်တွင် ဖော်ပြထားသည်။
မငုဝါနိုးမှာ အချိန်မီ ဆေးကုသမှုခံယူနိုင်ပါက အသက်ရှင်နိုင်သော်လည်း အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံများက အရေးပေါ်ကားဖြင့် လူနာကိုအချိန်မီ သယ်ဆောင်ခွင့်မပြုသဖြင့် အသက်မသေဆုံးသင့်ဘဲ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဖော်ပြသည်။
“ဇနီးမှာက ခြေထောက်မှာထိတယ်၊ ကလေးမှာက တင်ပါးမှာထိတယ် အဲလိုပဲသိရတယ်ဗျ။ ဘယ်ကျည်အမျိုးအစားဆိုတာလဲမသိရသေးဘူး။ ဒါကြောင့်လည်း မသေသင့်ဘဲ သေရတယ်လို့ထုတ်ပြန်ထားတာပါ။ သွေးလွန်ပြီးသေတာလည်းဖြစ်နိုင်ပါတယ်။ အရက်ပြန်ထည့်ပေးဖို့တောင် ဘယ်သူမှမရှိဘူးလေ”ဟုဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(ထားဝယ်ခရိုင်)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
သေနတ်ကျည်ထိမှန်သေဆုံးခဲ့ရသော မငုဝါနိုး၏မိဘများမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများ၏ ရန်ပြုမှုကြောင့် တိမ်းရှောင်နေကြရပြီး မငုဝါနိုးမှာလည်း အဒေါ်ဖြစ်သူ(ဦးကျော်ဟိန်းဇနီး)၏ နေအိမ်၌ ခေတ္တလာရောက်နေထိုင်ခြင်းဖြစ်ကြောင်း အသိပေးသည်။
“အခုလိုလုပ်ရပ်တွေက တော်လှန်ရေးအတွက် တော်တော်ထိခိုက်နိုင်ပါတယ်။ အခုလိုလုပ်ရပ်တွေကြောင့် တော်လှန်ရေးအင်အားစုတွေအပေါ်ပြည်သူတွေ အမြင်စောင်းလာနိုင်သလို တော်လှန်ရေးအင်အားစုအချင်းချင်းလည်း ပွတ်တိုက်မှုတွေဖြစ်လာနိုင်ပါတယ်”ဟု ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်)က မှတ်ချက်ပေးသည်။
အထက်ပါဖြစ်စဥ်နှင့်စပ်လျဥ်း၍ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးမှ အဆိုပါဖြစ်စဥ်မှာ ၎င်းတို့၏ တပ်ဖွဲ့ဝင်များပါဝင်ကြောင်း ထားဝယ်ခရိုင်သပိတ်ကော်မတီထံ အတည်ပြုပြောကြားပြီး ပစ်ခတ်မှုနှင့်ပတ်သက်၍ ဆက်လက်စုံစမ်းဖော်ထုတ်သွားမည်ဟု ပြောကြားထားသည်ဟု ဆိုသည်။
ထို့ကြောင့် ဖြစ်စဥ်နှင့်ပတ်သက်ပြီး လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ လူထုနွေဦးမှ ဆက်သွယ်ရန်ကြိုးစားခဲ့သော်လည်း အဆက်အသွယ်မရသေးပေ။
