မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းအား တိုက်မိုင်းဖြင့်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား နှစ်ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် – မြိုင်မြို့နယ်က ထုတ်ပြန်သည်။
ယမန်နေ့(ဇူလိုင်၈ရက်) နံနက် ၁၁နာရီခန့်တွင် မြိုင်မြို့နယ်၊ ကျောက်ခွက် မန်ကျည်းကုန်းမှ စက်မှု(၂)သို့ ပြန်လာသော စစ်ကောင်စီစစ်ကြောင်းအား ဝက်ပုတ်ရွာတောင်ဘက်တွင် တိုက်မိုင်း ၄လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-မြိုင်မြို့နယ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးပြီး သုံးဦး ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း၊ ထိခိုက်မိသည့် အကြမ်းဖက်စစ်သားများအား စက်မှု-၂ သို့ သယ်ဆောင်သွားခဲ့ကြောင်း မြိုင်(ပကဖ)က အသိပေးသည်။
အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ မြိုင်(ပကဖ) အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။
စစ်ကောင်စီတပ်၏ သေဆုံးထိခိုက်မှုအခြေအနေနှင့်ပတ်သက်၍ People’s Spring က ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ယမန်နေ့ (ဇူလိုင်၈ရက်) နံနက် ၇ နာရီခန့်တွင်လည်း ဆိုင်ကယ်ဖြင့် ရွာအပြင်သို့ထွက်လာသော မြိုင်မြို့နယ်၊ သရက်ကွရွာမှ ပျူစောထီးခေါင်းဆောင် ဟန်ညွန့်အား ပူးပေါင်းတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဒဏ်ရာအပြင်းအ ထန်ရပြီး ဆေးရုံပို့ထားရသည်ဟု ဒေသတွင်းအဖွဲ့များက သတင်းထုတ်ပြန်ထားသည်။
မြိုင်နယ်အနောက်ပိုင်းတွင် စစ်ကောင်စီတပ်က ကျေးရွာများအား စစ်ကြောင်းထိုးနေပြီး ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်။
