မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ပိုင်းတွင် ယမန်နေ့ကဖြစ်ပွားခဲ့သည့်တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ၁၀ ဦးခန့်သေဆုံးပြီး ပြည်သူ့ရဲဘော်နှစ်ဦးကျဆုံးခဲ့ကြောင်းမြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ယမန်နေ့ (ဇူလိုင်လ၅ရက်) နံနက်၈ နာရီမှစတင်ကာ ညနေ ၆ နာရီ ၄၀အထိ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များတစ်နေကုန်တိုက်ပွဲဖြစ်ပွားခဲ့သည်။ အကြမ်းဖက်စစ်ကောင်စီတပ်များအား ဆူးဝင်းရွာအနီးတွင် စောင့်ကြို တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်သား အလောင်းများ တိုက်ပွဲအတွင်းမကောက်နိုင်သည်ကို မြင်တွေ့ခဲ့ရသည်ဟု မြိုင် ပ.က.ဖ အဖွဲ့ကဆိုသည်။
မြိုင် ပကဖ မှ ရဲဘော် ၂ ဦး အသက်ပေးခဲ့ရကာ ၁ဦးမှာမစိုးရိမ်ရဒဏ်ရာရရှိခဲ့ပြီး ၊အကြမ်းဖက်စစ်သား၁၀ဦး သေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ထုတ်ပြန်ချက်တွင်ဖော်ပြသည်။စစ်ကောင်စီတပ် မှသေဆုံးမှုအရေအတွက်ကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။
တိုက်ပွဲနှင့်ပတ်သက်၍ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍ မရသေးပါ။
အကြမ်းဖက်စစ်တပ်သည် ခန့်မှန်းအင်အား၈၀နှင့်၁၀၀ကြားရှိပြီး ဆူးဝင်းရွာအနီးတွင် ဒေသတွင်းPDFအဖွဲ့များပူးပေါင်းကာ ၆၀ မမ၊ ၈၀မမ၊ ၁၂၀မမ၊လက်လုပ်လက်နက်ကြီး၊လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း BlackGodပြောက်ကျားတပ်ဖွဲ့(မြိုင်)က သတင်းထုတ်ပြန်ထားသည်။
အကြမ်းဖက်စစ်တပ်သည် မြိုင်နယ်အနောက်ပိုင်း၌ ပေါက်နယ်နှင့်မြိုင်နယ်အစပ်တွင်တစ်ကြောင်း၊မြိုင်နယ်အနောက်ပိုင်း ဆူးဝင်းရွာဘက်တွင်တစ်ကြောင်း၊မြိုင်နယ်အနောက်ပိုင်း မကျီးကုန်း၊နှမ်းစားကျင်း၊ သံဘို စသည့် ကျေးရွာများဘက်တွင်တစ်ကြောင်း စသဖြင့် စစ်ကြောင်းများ ခွဲထိုးနေသည်။စစ်ကြောင်းအားလုံးသည် ကမ္မနယ်ဘက်မှလာပြီး မြိုင်တောင်ပိုင်းမှ ပေါက်နယ်ဘက်၊ ပေါက်နယ်ဘက်မှ မြိုင်အနောက်ပိုင်းကို ပြန်ဝင်နေခြင်းဖြစ်ကြောင်း BlackGod ပြောက်ကျားတပ်ဖွဲ့ (မြိုင်)၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမိုးစက်က ပြောသည်။
ဇူလိုင်လ၅ရက် နံနက် ၈နာရီခန့်ကလည်း မြိုင်မြို့နယ်၊မန်ကျည်းကုန်းရွာအရှေ့ဘက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး မိနစ်၂၀ ကျော်ကြာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
