စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် နေရောင်ပြအင်း အရှေ့ဘက်၌ စစ်ကောင်စီတပ် စစ်ကြောင်းကို မိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်ဒဏ်ရာရသူများရှိခဲ့သည်ဟု ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်(PDF)၏ Fox Army- HPDF က ထုတ်ပြန်သည်။
အဆိုပါ စစ်ကောင်စီ စစ်ကြောင်းကို ဇူလိုင် ၆ရက် နေ့လည် ၁နာရီခွဲတွင် ရှေ့ထွက်မိုင်း နှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ လက်နက်ကြီး သုံးလုံးဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၁၂ဦး ခန့် အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
ယင်းနေရာကို ကာကွယ်ရေးအဖွဲ့များက နယ်မြေရှင်းလင်းရာ၌ စစ်ကောင်စီတပ်ထောင်ထားသည့် နင်းမိုင်း နှစ်လုံး၊ ပေါက်စက် တစ်လုံး၊ (၄၀)မမကျည် တစ်လုံး တွေ့ရှိခဲ့ကြောင်း Fox Army – HPDFက ထုတ်ပြန်သည်။
ထီးချိုင့်နှင့် ဆက်စပ်ဒေသများတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့ ပူးပေါင်းပြီးလည်း စစ်ကောင်စီတပ်များကို တိုက်ခိုက်မှုများ မကြာခဏ ရှိခဲ့သည်။
