ကချင်ပြည်နယ်တွင် စစ်ကောင်စီတပ်အားစွန့်ခွာ၍ ပြည်သူ့ဘက် ကူးပြောင်းခဲ့သော အရာရှိ၊ စစ်သည်များမှ လေးဦးကို ဂုဏ်ပြုငွေတစ်သိန်းစီ ပေးအပ်ခဲ့ကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က ယနေ့(ဇူလိုင် ၉)ထုတ်ပြန်သည်။
နွေဦးတော်လှန်ရေးအစမှသည်လက်ရှိအချိန်ထိ ကချင်ဒေသလွတ်မြောက်နယ်မြေဘက်သို့ အကြမ်းဖက်စစ်ကောင်စီ၏လက်အောက်မှ လက်နက်ခဲယမ်းများဖြင့် ပြည်သူ့ဘက်သို့ ကူးပြောင်းရပ်တည်ခဲ့သော CDM စစ်သား ၁၁ ဦးတွင် လေးဦးကိုထောက်ပံ့ခဲ့ခြင်းဖြစ်ကြောင်းဖော်ပြသည်။
အဆိုပါ CDM စစ်သား ၁၁ ဦးတွင် ဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီးတစ်ဦးနှင့် စစ်သည် (၉) ဦး၊ စုစု ပေါင်း ၁၁ ဦးဖြစ်ပြီး ၎င်း CDM စစ်သည်အား လုံး အကူအညီလိုအပ်လျက်ရှိကြောင်းကို ဇွန်လ ၉ ရက်က ပြည်သူ့ပန်းတိုင်မှ ကြေငြာခဲ့သည်။
“ပြည်သူတို့၏ ဆက်သွယ်ကူညီမှုကြောင့် ပထ မဦးစွာ ၎င်းတို့အထဲမှ (၄) ဦးကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ဂုဏ်ပြုငွေ တစ်သိန်းစီကို ပေးအပ်ခဲ့ပါသည်။ ကျန်ရှိနေသော အရာရှိ၊ စစ်သည်များကိုလည်း ထပ်မံချိတ်ဆက်၍ ပေးပို့သွားမည်ဖြစ်ကြောင်း ပြည်သူထံသို့ အသိပေးတင်ပြအပ်ပါသည်”ဟု ပြည်သူ့ပန်းတိုင်အဖွဲ့က ဆိုသည်။
စစ်ကောင်စီတပ်မှ စွန့်ခွာ၍ CDM ပြုလုပ်ကာ ပြည်သူနှင့် အတူရပ်တည်လိုသည့် အရာရှိ/စစ်သည်များအနေဖြင့် ပြည်သူ့ပန်းတိုင်အဖွဲ့၏ Telegram https://t.me/CDMSOLDIERS သို့ ချိတ်ဆက်၍ လိုအပ်သည့် အကူအညီ ရယူနိုင်ပြီး မိဘပြည်သူများ အနေဖြင့်လည်း CDM ပြုလုပ်လာသည့် တပ်မတော်သားများအား ကူညီထောက်ပံ့လိုပါက ပြည်သူ့ပန်းတိုင်အဖွဲ့ ၏ Facebook page messenger (သို့) www.peoplesoldiers.org သို့ဆက်သွယ်၍ ကူညီထောက်ပံ့နိုင်ပါကြောင်း သတင်းစကားပါးထားသည်။
