-KNUဘက်မှ ၈၀ ကျော်ကျဆုံးပြီး စစ်ကောင်စီလက်ချက်ကြောင့် ပြည်သူ ၇၀ ကျော်အသက်ဆုံးရှုံးရ
ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်မြေများ၌ ယခုနှစ် ၆ လတာ ကာလအတွင်း တိုက်ပွဲပေါင်း ၂၆၀၀ ကျော်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) တို့မှ တပ်ဖွဲ့ဝင် ၂၂၀၀ ကျော်သေဆုံးခဲ့ကြောင်း KNU ဗဟို သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

KNUကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ကရင်အမျိုးသား လွတ်မြောက်ရေးပ်မတော်(KNLA)၊ ကရင်အမျိုးအသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့နှင့် အာဏာသိမ်း စစ်ကောင်စီတပ်များ၊ နယ်ခြားစောင့်တပ်(BGF)များအကြား နေ့စဉ်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယခုနှစ် ၆လ အတွင်း တိုက်ပွဲကြီး တိုက်ပွဲငယ် ၂၆၈၆ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီ၊ BGF များဘက်မှ ၂၂၀၈ ဦး သေဆုံးပြီး ၁၅၄၅ ဦး ထိခိုက်ဒါဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။


စစ်ကောင်စီတပ်နှင့်BGFများအများဆုံးသေဆုံးသောလများမှ တစ်လလျှင်စစ်သား ၅၀၀ ကျော်စီဖြင့် ၂၀၂၂ မတ်လနှင့်ဧပြီလဖြစ်ပြီး ၊ခြောက်လအတွင်းအနည်းဆုံးလဖြစ်သော ဇွန်လတွင်ပင် ၃၆၅ ယောက်သေသည်။
တိုက်ပွဲများအတွင်း KNLA၊ KNDO တို့ဘက်မှ ၈၄ဦး ကျဆုံးကာ ၁၇၅ ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်များ၏ လေကြောင်းတိုက်ခိုက်မှုများ၊ ကျေးရွာများအတွင်းရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ဖြင့်ပစ်ခတ်မှုများ နှင့် အကြောင့်မဲ့ဖမ်းဆီးသတ်ဖြတ်ခြင်းများကြောင့် အပြစ်မဲ့ပြည်သူ ၇၂ ဦး အသက် သေဆုံးခဲ့ရပြီး ၁၅၅ ဦး တို့ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်ပွားမှုအများဆုံးမှာ KNU တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်၊ တပ်မဟာ(၆) နယ်မြေ ဒူးပလာယာခရိုင်၊ တပ်မဟာ(၁)နယ်မြေ သထုံခရိုင်၊ တပ်မဟာ(၃)ခရိုင် ညောင်လေးပင်ခရိုင်နှင့် တပ်မဟာ(၂)ခရိုင် တောင်ငူခရိုင်တို့ ဖြစ်ပြီး တပ်မဟာ(၄)နယ်မြေ ထားဝယ်ခရိုင်၌ တိုက်ပွဲဖြစ်ပွားမှု အချို့ရှိခဲ့သည်။ တပ်မဟာ(၇) နယ်မြေ ဘားအံခရိုင်၌ တိုက်ပွဲဖြစ်ပွားမှု မရှိခဲ့ပေ။ အဆိုပါ တိုက်ပွဲများအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)များလည်း KNU လက်အောက်ခံတပ်များနှင့် ပူးပေါင်းပြီး တိုက်ပွဲဝင်လျက်ရှိသည်။
