စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းနယ်စပ်တွင်စစ်ကောင်စီတပ်နှင့် ဒေသတွင်းမဟာမိတ်အဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်က လေယာဥ်ပါပစ်ကူခဲ့သော်လည်း ၂၀ ထက်မနည်း သေဆုံးနိုင်ကြောင်း Seven People Defense Force အဖွဲ့ကသတင်းထုတ်ပြန်သည်။
ယနေ့ (ဇူလိုင်လ ၆ရက်) နံနက် ၇နာရီခွဲခန့်ကစစ်ကိုင်းတိုင်းမြောင်နယ်အစပ်နှင့် မကွေးတိုင်းရေစကြိုမြို့နယ် အစပ်ဖြစ်သော ရွှေလှံကျေးရွာနှင့် မြစ်သာကျေးရွာကြားတွင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်များ ၂နာရီ ကြာတိုက်ပွဲ ဖြစ်ပွားရာ အကြမ်းဖက်စစ်တပ်ဘက်က ၂၀ ထက်မနည်း သေဆုံးနိုင်ကြောင်း Seven People Defense Forceအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထိုစစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးမဟာမိတ်ရဲဘော်များ ဝန်းရံပိတ်ဆို့ခဲ့သော်လည်းအထိနာခဲ့သော အကြမ်းဖက်စစ်တပ်သည် ရဟတ်ယာဥ် အသုံးပြုစစ်ကူပေးတိုက်ခိုက်ခဲ့၍ ဆုတ်ခွာသွားနိုင်ခဲ့သည်ဟုလည်းဆိုသည်။
ရဟတ်ယာဥ်သုံးသော်လည်းပြည့်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ပြီး အဆိုပါစစ်ဆင်ရေးအား မြင်းခြံခရိုင်တပ်ရင်းအမှတ် (၁)၊ မြင်းခြံခရိုင် တပ်ရင်းအမှတ် (၂)၊ မြင်းခြံခရိုင် တပ်ရင်း အမှတ် (၃)၊ Natogyi Regional Defense Force၊ Myaung Special People Defense Force၊ ကျေးရွာတပ်ပေါင်းစု(မြောင်)၊ ရေလယ်ကျွန်း Phoenix စသည့်အဖွဲ့များကပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်ဟု၎င်းအဖွဲ့များက အသိပေးသည်။
ထုတ်ပြန်ချက်နှင့်ပတ်သက်၍ Seven People Defense Forceအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီးပြန်လည်ဖြေကြားခြင်းမရှိသေးပါ။
ယနေ့နံနက် ၁၁ နာရီခွဲခန့်တွင် အကြမ်းဖက်စစ်တပ်က မြစ်သာကျေးရွာသို့ ရောက်ရှိလာပြီးကျေးရွာနေအိမ်များ မီးရှို့ခဲ့ကြောင်း၊ ပျက်စီးမှုအခြေအနေ မသိရသေးကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် သတင်းပြန်ကြားရေး ဗိုလ်တောက်ထွန်းက ပြောသည်။
