ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၏ ဥက္ကဋ္ဌဟောင်း ကိုစိုးသူရကျော် (ခ) ကဗျာဆရာသာသျှားကို အာဏာသိမ်းစစ်ကောင်စီက မတရားဖမ်းဆီးပြီးနောက် ထောင်ဒဏ် (၈)နှစ် ချမှတ်ခဲ့ကြောင်း Yangon University of Education Students` Union က ယနေ့ (ဇူလိုင် ၆) တွင် ထုတ်ပြန်သည်။
ကိုစိုးသူရကျော် (ခ) ကဗျာဆရာသာသျှားသည် ပြီးခဲ့သည့် ၂၀၂၁ စက်ဘာလ ၂၄ ရက်တွင် အကြမ်းဖက် စစ်ကောင်စီ၏ အဓမ္မ ဖမ်းဆီးခြင်း ခံရပြီး ပုဒ်မ ၅၂(က)ဖြင့် ၅နှစ်၊ ၅၀၅(က) ဖြင့် ၃နှစ် စုစုပေါင်း ထောင်ဒဏ် (၈)နှစ်ကို မန္တလေးအိုးဘိုထောင်၌ ချမှတ်ခံထားရခြင်း ဖြစ်သည်။
ထို့အပြင် ယင်းထောင်ဒဏ်များအပြင် ရန်ကုန်မြို့တွင် ချမှတ်မည့် အမှုများကျန်ရှိနေသေးကြောင်းလည်း ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဖော်ပြထားသည်။
ကိုစိုးသူရကျော်သည် ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ ဥက္ကဋ္ဌဟောင်းတစ်ဦး ဖြစ်သည့်အပြင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ပညာရေးသပိတ်စစ်ကြောင်းများကို ဦးဆောင်ခဲ့သူ၊ အခြေခံပညာ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီ(BEGSC)၏ အလုပ်အမှုဆောင်ကော်မတီဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။
ဓာတ်ပုံ – ABFSU
