စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာခြင်းကြောင့် ကလေးမြို့မှ ဟားခါးမြို့ လမ်းမတလျောက် ကျေးရွာအားလုံးမှ ပြည်သူ တစ်သောင်းခန့် စစ်ဘေးရှောင်နေကြကြောင်း ဒေသခံများကပြောသည်။
စစ်ကောင်စီတပ်သည် ဇွန်လ ၂၉ ရက်မှ စတင်ပြီး ကလေးမြို့မှ ချင်းတောင်ဘက်ကို စစ်ကား အစီး ၃၀ ကျော်ဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။ထို့ကြောင့်လမ်းတလျှောက်ကျေးရွာများသည် ဇွန် ၃၀ ရက်မှစတင်ပြီး နေအိမ်များကို စွန့်ခွာပြီး တောထဲတောင်ထဲတွင် သွားရောက်ပုန်းခိုနေကြရကြောင်းဒေသခံများကပြောသည်။

“ကျွန်မတို့ ပြေးရတာ ၁၀ခါလောက်ရှိနေပါပြီ။ အိမ်မှာကျန်ခဲ့တဲ့ ပစ္စည်းတွေကို လုယက်ပြီး အကုန်ဖျက်ဆီးခဲ့တာ။ သူတို့ပြန်သွားရင် အိမ်ကို ၃ ရက်လောက် သန့်ရှင်းလုပ်ရတယ်”ဟု ဖလမ်းမြို့နယ်အတွင်းရှိ ကျေးရွာတစ်ခုမှ ဒေသခံတစ်ဦးကပြောသည်။

ကျေးရွာများမှ ပြည်သူလူထုသည်စစ်ကောင်စီတပ်၏ခိုးယူလုယက်မှုကို ကြောက်သဖြင့် နေအိမ်များမှပစ္စည်းများကို ကြိုတင်ဝှက်ထားရသည်ဟု အခြားဒေသခံတစ်ဦးကလည်းပြောသည်။

စစ်ကောင်စီတပ်သည်လက်ရှိတွင်ဖလမ်းမြို့နှင့်ဟားခါးမြို့ကြားကိုရောက်ရှိနေပြီး ယနေ့(ဇူလှိုင် ၃ ရက်) မနက်ပိုင်းက ဖလမ်းမြို့ ပါရ်သဲကျေးရွာတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေသည်ဟုဒေသခံများကပြောသည်။
ဇူလိုင် ၂ ရက်ကလည်း ဒေသခံတစ်ဦးကိုစစ်ကောင်စီတပ်က ဖလမ်းမြို့အထွက်နားတွင် သေနတ်ဖြင့်ပစ်၍သတ်ခဲ့သည်။
