ရန်ကုန်မြို့ ပုဇွန်တောင်ဈေး၌ သုံးရက်ဆက် မီးလောင်မှုဖြစ်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ဇူလိုင် ၃ ရက် နံနက် ၈ နာရီအချိန်ခန့်တွင် မီးလောင်မှုဖြစ်ခဲ့ပြီး မိနစ်ပိုင်းအတွင်း မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းထုတ်ပြန်ထားသည်။
ပုဇွန်တောင်ဈေး၌ ဇူလိုင် ၁ရက်နှင့် ၂ရက်ကလည်း မီးလောင်မှုများဖြစ်ခဲ့ပြီး မီးသတ်တပ်ဖွဲ့က မီးလန့်မှု အဆင့်သတ်မှတ်ထားသည်။
ပြီးခဲ့သည့် ဇွန်လ ၂၆ရက်ကလည်း ယင်းဈေး၌ မီးလောင်မှုဖြစ်ခဲ့ပြီး မိနစ်ပိုင်းအတွင်း မီးငြှိမ်းသတ်နိုင်ခဲ့သည်။
အထက်ပါကဲ့သို့ နေရာတစ်ခုတည်း၌ မီးလောင်မှု အကြိမ်ကြိမ်ဖြစ်နေခြင်းမှာ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခြင်းဖြစ်နိုင်ကြောင်း ပြည်သူများက မီးသတ်တပ်ဖွဲ့၏ ပို့စ်အောက်၌ မှတ်ချက်များရေးသားထားသည်။
“ဈေးကြီးက အကျယ်ကြီးဘဲလေ။ မြေက နေရာကောင်း တန်ဘိုးရှိတာကိုး”ဟု ဖေ့စ်ဘွတ်ခ်အသုံးပြုသူတစ်ဦးက မှတ်ချက်ပေးသည်။
ဈေးအသစ်ဆောက်မည်ဆိုပါက ဈေးဟောင်းများကို မီးရှို့သည့် အစဉ်အလာရှိသောကြောင့် ဈေးအသစ်ဆောက်ရန် ဇာတ်လမ်းဆင်ခြင်းဖြစ်နိုင်ကြောင်း ပြည်သူအချို့က သုံးသပ်သည်။
“ခဏခဏမီးလန့်နေတယ် မီးဘေးစိတ်မချရတော့ဘူး ဖျက်သိမ်းရတော့မယ် အကွက်တွေအကွက်တွေ မပြောချင်ဘူးနော်”ဟု အမျိုးသမီးတစ်ဦးကမှတ်ချက်ပေးထားသည်။
